By Hlaing / MPA
ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ သုံးလကြာသည်အထိ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လေးရက်၊ နံနက် ငါးနာရီခန့်မှစ၍ ယနေ့( ၂၀၂၅ ခုနှစ်၊ မတ် လေးရက်) အထိ ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ခရိုင်ရုံးစိုက်ရာ ဗန်းမော်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။
“ စကခ ၂၁ ဝန်းကျင်က တပ်ရင်းတွေကို သိမ်းထားပြီးပြီ၊ အခုလက်ရှိကတော့ စကခ ၂၁ ဌာနချုပ်ကို ဆက်ပြီးတော့ ထိုးစစ်ဆင်နေတယ်။ နှစ်ဖက်အကျအဆုံးကတော့ ရှိတယ်။ အရေအတွက်ကတော့ အတိအကျမသိဘူး။ စစ်ကောင်စီကလည်း လေကြောင်းအရမ်းသုံးတယ်။ ဒရုန်းဗုံးတွေလည်း သုံးတယ်” ဟု မြေပြင်စစ်ရေးအခြေအနေကိုသိရှိသူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် ဗန်းမော်မြို့သိမ်း တိုက်ပွဲကာလ နှစ်လကျော်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စစ်ကောင်စီ၏ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ အမှတ် ၃၆၆ အမြောက်တပ်ရင်း(အမတ – ၃၆၆)၊ သံချပ်ကားခုနှစ်စီး၊ ဗန်းမော်လေယာဥ်ကွင်း၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း(တကရ – ၅၀၁၄)၊ ခလရ ၂၃၆ နှင့် လိပ်ပြာကုန်း တို့ကို သိမ်းပိုက်ထားနိုင်ပြီး စကခ (၂၁) ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲသတင်းများနှင့် ပက်သက်၍ စုံစမ်းထောက်လှမ်းရေးသားနေသည့် Banmaw Scout Team ၏ ဖော်ပြထားချက်တွင် ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ နှစ်ဖက်ထိတွေ့မှု မရှိဘဲ ငြိမ်သက်နေသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ အဆင့်မြင့်ဒရုန်းများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် နေအိမ်ပျက်စီးမှုနှင့် အရပ်သားသေဆုံးမှုများလည်း နေ့စဥ်နှင့်အမျှရှိနေဆဲဖြစ်ကြောင်း သိရသည်။
“ စစ်ကောင်စီဘက်ကသုံးတဲ့ ဒရုန်းတွေ၊ စနိုက်ပါသမားတွေကြောင့် KIA ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်။ အရပ်သားတွေကလည်း သေတာ ရာချီနေပြီလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဗန်းမော်မြို့တွင် ဗျူဟာအရ အရေးပါသည့် တပ်ရင်း၊ တပ်စခန်းများကို လက်လွှတ်နေရသည့် စစ်ကောင်စီက မိထ္တီလာ၊ တံတားဦး၊ မြစ်ကြီးနားလေတပ်တို့မှ Y – 8 အမျိုးအစား စစ်ထောက်ပို့လေယာဥ်၊ Y – 12 အမျိုးအစား စစ်ထောက်ပို့လေယာဥ်နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
“ ကျသွားတဲ့ ၂၃၆ တပ်ရင်းဆို စကခ ၂၁ နဲ့ ကပ်လျက်အနေအထားမှာ ရှိတယ်။ ၂၁ ကျရင် ဗန်းမော်ကျတာနဲ့ အတူတူပဲ၊ ဗန်းမော်မှာ စစ်ကောင်စီက အထိနာနေပြီ၊ အခု မြစ်ကြီးနားမှာလည်း ပြည်နယ်အစိုးရရုံးထဲမှာ ဘန်ကာတွေဆောက်နေတယ်လို့ သိရတယ်။ မြစ်ကြီးနားကို စစ်ကူးလာမှာ ကြောက်နေကြတယ်” ဟု ဒေသတွင်းအခြေအနေကို သိရှိသူ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။
ဗန်းမော်မြို့တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ အပြန်အလှန်ပစ်ခတ်မှုနှင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မဟာသိမ်တော်ကြီးစေတီ၊ လီဆူနှစ်ခြင်းဘုရားကျောင်း၊ ကရင်နှစ်ခြင်းဘုရားကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ ဗဟာရီးဗလီ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ အ.ထ.က ၂ ကျောင်း၊ နေအိမ်များ၊ စျေးနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုအပြင် အရပ်သားသေဆုံးမှုများလည်းရှိနေသည်။
တိုက်ပွဲများကြောင့် ကချင်စု၊ ပင်စင်ကုန်း၊ ရှမ်းဝိုင်း၊ မင်းကုန်း၊ မင်းကျောင်းကုန်း၊ အလယ်ရပ်၊ ညောင်ပင်ရပ်၊ ကုက္ကိုတော၊ နှစ်မိုင်၊ သုံးမိုင်၊ ခုနှစ်မိုင်၊ ဗဟာရီး၊ နောင်ခို၊ မင်းလှ၊ ရွှေကျီးနားနှင့် ခြောက်လကုန်းရှိ ပြည်သူများ၏ နေအိမ်အဆောက်အဦများမှာလည်း မီးလောင်ပျက်စီးနေကြောင်း သိရသည်။
“ တချို့ညတွေဆို လေယာဥ်ခေါက်တုံ့ခေါက်ပြန်နဲ့ကို ကြဲတာ။ ကျမတို့ ဗန်းမော်ကနေထွက်မလာခင်ထိ သိရတာတော့ ဗုံးကြဲချတာ တအုန်းအုန်းပဲ၊ အိမ်တွေလည်း ဘာမှကျန်မှာ မဟုတ်တော့ဘူး။ အခု ဗီဒီယိုတွေ တက်လာလို့ ကြည့်လိုက်ရင် ရစရာ ဘာမှမရှိတော့ဘူး” ဟု ဖေဖော်ဝါရီပထမအပတ်တွင် ဗန်းမော်မြို့မှ ထွက်ခွာကာ မန္တလေးမြို့သို့ စစ်ဘေးရှောင်လာသည့် အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် စစ်ကောင်စီက ဗန်းမော်မြို့အတွင်း ၄င်းတို့၏ ဗျူဟာအရ အရေးပါသည့် တပ်ရင်းများ၊ စခန်းကုန်းများ သိမ်းပိုက်ခံရပါက တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နယ်မြေများ၊ လိုင်ဇာမြို့အနီးဝန်းကျင်ရှိ ကျေးရွာများ၊ လိုင်ဇာမြို့၊ လိုင်စင်(ဌာနချုပ်ဟောင်း)နှင့် စစ်ရှောင်စခန်းများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများအနေဖြင့် လေကြောင်းအန္တရယ်စိုးရိမ်နေကြကြောင်း သိရသည်။
“ ဗန်းမော်တိုက်ပွဲဖြစ်နေတဲ့အချိန် ဇန်နဝါရီ ၂၄ ရက်ရယ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွေမှာ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တာရှိတယ်။ လိုင်စင်ဘက်လည်း ကြဲတယ်။ ဗန်းမော်ဘက်ခြမ်းက စစ်ရှောင်တွေရွာလည်း အကြဲခံရတယ်။ ဖုန်းလိုင်းမရတော့ အတိအကျမသိရဘူး” ဟု လိုင်ဇာမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ဗန်းမော်မြို့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) အပါအဝင် ခလရ ၄၇ တပ်ရင်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ရင်း (စရဖ – စု)၊ ခလရ ၂၃၆၊ ခလရ ၂၃၇၊ ထောက်ပံ့ပို့ဆောင်ရေးတပ် (ထပခ – ၉၃၃)၊ အမှတ် ၁၁ စစ်မြေပြင်တပ်ရင်း (မဆရ – ၁၁)၊ အမှတ် ၅ ဆက်သွယ်ရေးတပ် (ဆသရ – ၅)၊ အမြောက်တပ်ရင်း အမှတ် ၃၁၄၊ အမှတ် ၉၁၄ စစ်အင်ဂျင်နီယာတပ် (စအရ – ၉၁၄)၊ အမှတ် ၉၄၄ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ (ဆလ အခွဲ – ၉၄၄)၊ တပ်မ ၈၈ လက်အောက်ခံ သုံးရင်းတို့ ကျန်ရှိနေသေးသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA နှင့်အတူ အာရက္ခတပ်တော် (AA)၊ KPDF တပ်ဖွဲ့ဝင်များ၊ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
“ ဗန်းမော်ကျတာနဲ့ မြစ်ကြီးနားကို တက်လာနိုင်တယ်ဆိုတာ စစ်ကောင်စီကလည်း သိလို့ အခုလို လုံခြုံရေးတင်းကျပ်ပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်တာ ဖြစ်ဖို့များပါတယ်။ အခု အခြေအနေက မြစ်ကြီးနားကို ပတ်ပတ်လည်ကနေ ပိတ်ဆို့ထားသလိုမျိုးပါ” ဟု မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ပြီးနောက် ယခုနှစ်(၂၀၂၅ ခုနှစ်) နှစ်ဆန်းပိုင်းမှစ၍ စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့များက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြစ်ကြီးနားမြို့အပါအဝင် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမောက်၊ တနိုင်းနှင့် မြစ်ကြီးနားအထက်ပိုင်းရှိ မြစ်ဆုံဒေသတွင် စစ်ရေးပြင်ဆင်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိနေသည်။
ဗန်းမော်မြို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တရုတ်နယ်စပ်ဂိတ်တည်ရှိရာ လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်သွယ်ထားသည့် မြစ်ကြီးနားမြို့အပြင် အလယ်ပိုင်းရှိ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့လည်း ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားလာနိုင်သည့် ခရိုင်မြို့တစ်ခုလည်း ဖြစ်သည်။