By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး ရှစ်လုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ (မတ် လေးရက်) နေ့ခင်း ၁၂ နာရီဝန်းကျင်တွင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဒေါရောက်ခူ လမ်းခွအနီးသို့ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ဒေါရောက်ခူလမ်းဆုံအနီး နေထိုင်သူတစ်ဦးထံက သိရသည်။
“လေယာဉ်တစ်စီးတည်းပဲ။ စကြဲတာက တောင်ကုန်းပေါ်ကို နှစ်လုံးကြဲတာ။ စစ်ရှောင်အမျိုးသမီး တစ်ယောက်က အိပ်နေတာ၊ဗုံးစက ပေါင်ကိုစိုက်သွားတယ်။ဒဏ်ရာက မစိုးရိမ်ရပါဘူး။ပြီးတော့ ချယ်ရီကုန်းနားက KTVဆိုင်ကို ဗုံးနှစ်လုံးကြဲပြီးတော့မှ စစ်ရှောင်စခန်းရှေ့က တောင်ကုန်းပေါ် နှစ်လုံးကြဲသွားတာ၊နောက်ထပ်နှစ်လုံးကတော့ ဘယ်နားကျလဲမသိဘူး။ အသံပဲကြားလိုက်တယ်”ဟု ၎င်းက MPAသို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ မသိရသေးပေ။
ယင်းဗုံးကြဲမှုကြောင့် အခင်းဖြစ်နေရာရှိ ပြည်သူအချို့မှာ ဘေးလွတ်မည်ထင်သည့်အရပ်နှင့် ဆွေမျိုးများရှိရာသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။