By Ko Paing/MPA
ရန်ကုန်တိုင်းအတွင်းသို့ PDF တပ်များ ဝင်ရောက်တိုက်ခိုက်လာပါက ရဲတပ်ဖွဲ့ဝင်များအား မြို့လုံခြုံရေးနှင့် ထောက်ပို့စစ်ကြောင်းများ၌ တာဝန်ချရန် စစ်ကောင်စီ ပြင်ဆင်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားလာပါက တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို မူလတာဝန် များမှ ထုတ်နှုတ်ကာ အထက်ပါအတိုင်း တာဝန်ချသွားရန်ရှိကြောင်း ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ဒီရက်ပိုင်းပဲ ရဲမှူးကြီးနဲ့အထက်ကို ခေါ်ပြောထားတာ။ရန်ကုန်နဲ့ပဲခူးတိုင်းမှာ ဒီနှစ်ထဲ တိုက်ပွဲတွေ များလာနိုင်မယ်။ တိုက်ပွဲတွေဖြစ်ရင် စစ်သားအင်အားမလုံလောက်ဘူး။ ရဲတွေလည်း ဂိတ်စောင့်ရ မယ်။မြို့လုံခြုံရေးလုပ်ရမယ်။ထောက်ပို့လမ်းကြောင်းဝင်ရမယ်လို့ စစ်တပ်က ပြောတယ်။ ကိုယ့်ဘာသာ ကြိုလျာထားနိုင်အောင် ကြိုမှာတဲ့သဘောထင်တယ်” ဟု ၎င်းက MPA သို့ပြောသည်။
ပဲခူးတိုင်းအတွင်း တိုက်ပွဲများလာပြီး ပဲခူးတိုင်းရဲများ၏ အင်အားနှင့်မလုံလောက်ပါက ရန်ကုန်တိုင်းရဲ များကို အလှည့်ကျထုတ်နှုတ် တာဝန်ပေးသွားမည်ဟုလည်း သိရကြောင်း ၎င်းက ဆိုသည်။
“အရေးပေါ်လာရင် မြို့စောင့်စစ်သားတွေနေရာမှာ ရဲနဲ့ပျူစောထီးကို သုံးသွားမယ့်သဘောပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရန်ကုန်မြို့ကို ဦးတည်သည့် စစ်ရေးဖော်ဆောင်မှု များအတွက် တပ်ရွှေ့ပြောင်းမည့် PDF တပ်ဖွဲ့များအား သွားရောက်တွေ့ဆုံသည့်မှတ်တမ်းဖိုင် ဖေဖေါ်ဝါ ရီ ၂၃ ရက်၌ ထွက်ပေါ်လာခဲ့သည်။
“အဲဒီရုပ်သံနဲ့ ဆိုင်မယ်ထင်တယ်။သေချာအတိအကျမသိပေမဲ့ ရန်ကုန်၊ပဲခူး တိုက်ပွဲတွေများလာတော့ မယ်ဆိုတာ အဲရုပ်သံထွက်လာပြီးတော့ ကြားရတာ။ ပြီးတော့ ရဲတွေကို မူလတာဝန်ကနေ ထုတ်နှုတ် ဖို့ လျာတာလည်း အဲရုပ်သံထွက်ပြီးမှ”ဟု ၎င်းက ပြောသည်။
ယင်းရုပ်သံဖိုင်ထဲတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တပ်ရွှေ့ပြောင်းခြင်း၏ ရည်ရွယ် ချက်မှာ ရန်ကုန်နှင့် ပဲခူးဒေသ စိုးမိုးရေးအတွက်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့နောက် ဖေဖေါ်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပဲခူးတိုင်း၊ကျောက်တံခါးနှင့်ဖြူးမြို့နယ် အပိုင် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်တပ်ဂိတ်စခန်းခုနှစ်ခုကို KNLA၊ PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။