By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် လာသဖြင့် အိမ်ထောင်စုတိုင်း ဗုံးခိုကျင်းတူးရန် မြိုင်ပကဖက ညွှန်ကြားလိုက်သည်။
မြိုင်နယ်အတွင်းရှိ ၈၅ရာခိုင်နှုန်းခန့်သော နယ်မြေများကို တော်လှန်ရေးအင်အားစုများက စိုးမိုးထား ပြီး ကျေးရွာအများစု၌ ဗုံးခိုကျင်းတူးထားသော်လည်း ပေါ့ဆမှုများရှိနေသေးသဖြင့် ယခုလို စာထုတ်ကာ နှိုးဆော်ရခြင်းဖြစ်ကြောင်း မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာကဆိုသည်။
” ရွာတွေမှာ ဗုံးခိုးကျင်းတူးထားတာကတော့ တော်တော်များများကတူးတယ်။ တချို့ကျတော့လည်း ပေါ့ဆတာတွေရှိလို့ အခု စာထုတ်ပြန်ရတာပေါ့။ ဗုံးခိုးကျင်းမတူးတဲ့သူတွေကိုလည်း ဇုန်နဲ့တိုက်နယ်နဲ့ ကျေးရွာတွေ အဆင့်ဆင့်ကို မတူးလို့မရဘူး။ တူးကိုတူးရမယ်ပေါ့။ နောက်ဆုံးကျ သူတို့ အသက် အ န္တရာယ်ကို ဒီဗုံးခိုကျင်းကပဲ ကာကွယ်ပေးသွားမှာလေ” ဟု၎င်းက MPAသို့ ပြောသည်။
စနစ်တကျခိုင်မာသည့် ဗုံးခိုကျင်းတူးရန်အတွက် ကုန်ကျစရိတ် ကျပ်ငါးသိန်းဝန်းကျင် ရှိပြီး နည်းစနစ်များလည်း ပြောပြထားကြောင်း ၎င်းကပြောသည်။
” ရပ်ရွာထဲက ဆွေမျိုးသားချင်းတို့ ၊မိတ်ဆွေတို့ ၊သူငယ်ချင်းအပေါင်းအသင်းတို့၊ အိမ်နားချင်းတို့ အကူအညီနဲ့ပဲ သူတို့တူးကြတာပါ။ နည်းစနစ်ကတော့ ဇုန်တာဝန်ခံတွေ၊ ရပ်ကျေးတွေ အကုန်ပြောပြထားကြပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဗုံးခိုကျင်းများကို မတ်လ သုံးရက်မှ ဧပြီ သုံးရက်အတွင်း စနစ်တကျတူးရန်နှင့် ဆောင်ရွက်မှု ရှိ၊မရှိကို ရပ်ကျေးတာဝန်ခံများက လိုက်လံစစ်ဆေးပြီး လိုက်နာခြင်းမရှိသော အိမ်ထောင်စုများအား ဒဏ်ငွေချမှတ်အရေးယူရန် မြိုင်ပကဖက ထုတ်ပြန်ထားသည်။
” သူတို့ကို ကျတော်တို့က စာအနေနဲ့ သိအောင်ပေါ့။ ဒီဗုံးလာလာကြဲနေတာ၊ လေကြောင်းတိုက်ခိုက် မှုက နေ့ညဆက်တိုက်လိုခံနေရတော့ မတူးလို့မရဘူးဆိုတဲ့ အသိဝင်အောင်ပေါ့။ မတူးရင် ဒဏ်ငွေ ရိုက်ခံရမယ်ဆိုတဲ့ အသိရှိနေဖို့ပါ။ တကယ်တမ်းရိုက်မယ်ဆို ငွေကြေးသတ်မှတ်ထားတာမရှိပါဘူး။ ရိုက်မယ်လို့သာ စာထဲထုတ်ထားတာပါ။ ရိုက်ထားတဲ့သူတစ်ယောက်မှမရှိပါဘူး” ဟု ၎င်းကပြောသည်။
ဇုန်၊ တိုက်နယ်နှင့် ရပ်ကျေးများအတွင်း အလှူ၊ မင်္ဂလာဆောင်နှင့် သာရေး၊နာရေးပွဲများကို သက်ဆိုင် ရာတာဝန်ရှိသူများသို့ အဆင့်ဆင့်ကြိုတင်အကြောင်းကြားမှုများပြုလုပ်ပြီး ခွင့်ပြုချက်ရမှသာ လုပ် ဆောင် ကြရန်လည်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။
မတ်လ သုံးရက်တွင် မြိုင်နှင့်ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၅ဦးသေဆုံးပြီး အယောက်၂၀ဒဏ်ရာရရှိခဲ့သည်။