By Ra Wai / MPA
TNLA အုပ်ချုပ်နေသည့် ကျောက်မဲမြို့ရှိ ခမရ ၅၀၁ တပ်ရင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (မတ် သုံးရက်) နံနက် ၁၀ နာရီခန့်တွင် ကျောက်မဲမြို့၊နှစ်မိုင်ကုန်းရပ်ကွက်ရှိ ယခင် ခမရ ၅၀၁ တပ်ရင်းကို စစ်တပ်က ဗုံးတစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
“ကျနော်တို့ရဲ့ အဲဒီဘက်ရောက်နေတဲ့ ရဲဘော်တွေဆီကနေ သိရတာ လူထိခိုက်မှုမရှိဘူး။ ခန်းမပေါ် ဗုံးကျတယ်။ခန်းမပျက်စီးတယ်။ အဲနေရာမှာ တော်လှန်ရေးရဲဘော်တွေ ရှိမယ်ထင်ပြီး ဗုံးချတာထင်တယ်” ဟု ရှမ်းမန်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ဗုံးကြဲသွားသည့် လေယာဉ်သည် ကျောက်မဲမြို့ကို ပတ်ပြီးနောက် ခမရ ၅၀၁ ကို ဗုံးကြဲခြင်းဖြစ်ကြောင်း သိရသည်။
TNLA အုပ်ချုပ်နေသော နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ဖေဖေါ်ဝါရီအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။