By Ra Wai / MPA
ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ပြည်သူ ၁၀၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
သေဆုံးရသည့် အကြောင်းအရင်းများမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၈ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၅ ဦး၊ ထောင်တွင်းကျန်းမာရေးပြဿနာကြောင့် သုံးဦး၊ ပစ်ခတ်မှုကြောင့် နှစ်ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် တစ်ဦးနှင့် အကြောင်းရင်းအတည်မပြုနိုင်သည့် ခုနှစ်ဦးတို့ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ (မတ်လ သုံးရက်) သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ အာဏာစသိမ်းစဉ်ကတည်းက အကြမ်းဖက်မှုများရပ်တန့်ရေး အပါအဝင် အချက်ငါးချက်ကို လေးစားလိုက်နာရန် အာဆီယံက ပြောဆိုနေသော်လည်း မြန်မာနိုင်ငံအတွင်း၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ မတရားသတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် ဥပဒေမဲ့ ဖမ်းဆီးခြင်းများ ဆက်လက်ဖြစ်ပေါ်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဆိုသည်။
” အခုလို ကျူးလွန်ခြင်းတွေဟာ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇတ်မှုကို ကျူးလွန်တဲ့အထိဖြစ်နေပါပြီ။ စစ်အုပ်စုဟာ ထိရောက်တဲ့ ဖိအားပေးခြင်းတွေမရှိဘဲ အခုလို အကြမ်းဖက်မှုတွေကို ရပ်တန့်မည်မဟုတ်ပါ။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းတစ်လအတွင်း၌ နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ ၂၅ ဦးရှိကြောင်းလည်း သိရသည်။
ယင်းကိန်းဂဏန်းအရေအတွက်များသည် AAPP က လက်လှမ်းမီသမျှ ကောက်ယူထားသည့် အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များဖြစ်ပြီး မြေပြင်၌ ယခုထက် ပိုများနိုင်ကြောင်းသိရသည်။