By Ra Wai / MPA
PDF တို့ တိုက်ခိုက်ချေမှုန်းခဲ့သည့် မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်ဘုရားအနီးရှိ MRTV တာဝါတိုင်ကုန်း တွင် စစ်တပ်က အင်အားအများအပြားဖြင့် ပြန်လည်တပ်စွဲလိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတ္တကန်ရွာအရှေ့ဘက်ရှိ ရဲအင်အား ၁၇ ဦးရှိ MRTV တာဝါတိုင်ကုန်းကို PDF တို့ တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လည်ဆုတ်ခွာလာခဲ့ရာ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြန်လည်အထိုင်ချတပ်စွဲခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းထံကသိရသည်။
” မနက်ခင်းပိုင်းမှာ သိမ်းပြီးတော့ နေ့လည်ခင်းပိုင်းကျ ကားတွေနဲ့တက်ပြီး စစ်တပ်ကပြန်အထိုင်ချလိုက်တာ။ အင်အားက ၁၀၀ နဲ့ ၂၀၀ ကြားမှာရှိတယ်။ အဲ့တာဝါတိုင်ကုန်းပေါ်မှာကိုက။ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေလာတာ” ဟု မုံရွာခရိုင်အမှတ် ၁၁တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
PDF တပ်များဘက်က လူနှင့် ကျည်အင်အားနည်းပါးသဖြင့် စစ်တပ်ဘက်က အင်အားအလုံး အရင်းဖြင့် ရောက်ရှိလာချိန်တွင် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ လူအင်အား၊ ကျည်အင်အားရော နည်းနည်းလစ်ဟာသွားတဲ့အခါမျိုးရော၊ အောက်ကနေ စစ်တပ်ကလည်း အင်အားအလုံးအရင်းနဲ့ တာဝါတိုင်ကုန်းကို ပြန်ယူတာပေါ့။ ဝေဟင်ရောပါ နေတာရောကြောင့်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတာဝါတိုင်ကုန်း၌ စစ်သားနှင့် ရဲများသာရှိပြီး အခြားအရပ်ဘက်ဝန်ထမ်းများမရှိကြောင်း၊ PDF တို့သိမ်းပိုက်စဉ် တာဝါတိုင်နှင့် ရုပ်သံလိုင်းနဲ့ပတ်သက်သည့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်း မရှိကြောင်း သိရသည်။
” စခန်းသိမ်းပြီးတော့ တာဝါတိုင်တွေတော့ မဖြိုခဲ့ဘူးပေါ့” ဟု ၎င်းကပြောသည်။
ဖေဖေါ်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဘုန်ကြီးများပင့်ဆောင်ကာ ယင်းတာဝါတိုင် ကုန်း၌ အန္တရာယ်ကင်းပရိတ်ရွတ်ခဲ့သလို သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ရုပ်အလောင်းများကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲ၌ ရဲ ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကာ စခန်းအဆောက်အအုံများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။