By Ra Wai / MPA
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ တွင် အဆင့်မြင့်ဒရုန်းအင်အားဖြည့်တင်းနေကြောင်း သိရသည်။
တပ်မ ၄၄ သို့ ဖေဖေါ်ဝါရီလ နောက်ဆုံး ၁၀ ရက်ပတ်အတွင်း အဆင့်မြင့် ဒရုန်းများ ရောက်ရှိလာသည်ဟု သိရကြောင်း ကျိုက်ထိုမြို့ စစ်ကောင်စီအုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးထံက သိရသည်။
“ဒရုန်းအမျိုးအစားတို့၊ အရေအတွက်တို့တော့ မသိဘူး။ ကြားရသလောက် မဲပလီစခန်းအသိမ်းခံရပြီးတော့ စစ်တပ်က တော်တော်ပြာသွားတယ်။ သူတို့လုပ်နေတဲ့ လေယာဉ်နဲ့ ဗုံးကြဲတာကျတော့ ငွေ တော်တော်ကုန်တော့ အမြဲတမ်းမကြဲနိုင်လို့ ဒရုန်းဖြည့်တာ။ ပြီးတော့ မွန်၊ ပဲခူး၊ ရန်ကုန်တိုင်းထဲပေါ့။ PDF တွေ ဖိတိုက်လာမယ်လို့လည်း ထင်ပြီး အင်အားဖြည့်တာ”ဟု ၎င်းက MPA သို့ပြောသည်။
သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ တာဝန်ခံ ရဲဘော်သုည ကလည်း ကျိုက်ထိုတွင် ဒရုန်းအစင်းရေ ၂၀ ခန့် ဖြည့်တင်းထားသည်ဟု ဆိုသည်။
“သူတို့ကင်းထောက်ဒရုန်းတွေ အမြဲပျံနေတာ သိရပါတယ်။တစ်ခါတလေ သူတို့ဒရုန်း သူတို့ မှားပစ် တာတွေပါ ရှိပါတယ်”ဟု ၎င်းက ပြောသည်။
သထုံမြို့နယ်၊ ဇရစ်ချောင်ရွာအခြေစိုက် အမှတ်ကိုး စစ်အခြေခံလေ့ကျင့်ရေးတပ် (လေ့ကျင့်ရေးကိုး) တွင် ရုရှားနိုင်ငံထုတ် အဆင့်မြင့်ဒရုန်းများရှိကြောင်း သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့ တာဝန်ခံ ရဲဘော်သုည က ဆိုသည်။
စစ်ကောင်စီတပ်အတွက် အရေးပါသည့် ဘီးလင်းမြို့နယ်အတွင်းရှိ မဲပလီဗျူဟာစခန်းကို ဖေဖေါ်ဝါ ရီ တစ်ရက်တွင် KNLA နှင့် မဟာမိတ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်၌ စစ်တပ်က ဆက်တိုက်ဆို သလို လေကြောင်းတိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် ဘီးလင်းနှင့်ကျိုက်ထိုမြို့နယ်တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံကြဲခြင်းအပြင် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကိုပါ ပြုလုပ်လာခဲ့သည်။
ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်အပါအဝင် စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး ဟောင်ဝှစ်ဇာအမြောက်နှင့် လက်နက်ကြီး၊လက်နက်ငယ် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၂၇ စစ်ဗျူဟာက ထုတ်ပြန်ထားသည်။