Ko Paing / MPA
ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ် စစ်ဆေးရေးဂိတ်ကို PDF တို့ လျှပ်တစ်ပြက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား လေးဦးသေဆုံးကြောင်း ပြည်ခရိုင် PDF (၃၆၀၁ -PPPP) တပ်ရင်းက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၇ ရက်၊ နံနက် ၁၀ နာရီကျော်တွင် သဲကုန်းမြို့ပေါ် တည်သီးပင်ရပ်ကွက်၊ ဆရာအတတ် သင်တစ်လမ်း၌ စစ်သား ခုနှစ်ဦးရှိသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ၁၀ မိနစ်ခန့်ကြာ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အဲ့ဒီစခန်းမှာက စစ်ခွေး ခုနှစ်ကောင်ရှိတယ်။ကျတော်တို့က ခြောက်ယောက်ထဲဝင်ပစ်တာ။ ရဲစခန်းနဲ့က နီးတော့ စစ်ကူတွေရောက်လာတာနဲ့ ပြန်ဆုတ်လာခဲ့တာ။ သူတို့ (စစ်သားအလောင်း) တွေကို ဘယ်ကိုသယ်တယ်ဆိုတာတော့ မသိရဘူး”ဟု ပြည်ခရိုင် PDF (၃၆၀၁ -PPPP) တပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်ပြန်ကြားရေးတာဝန်ခံ ရှဲဒိုး က MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် PDF ရဲဘော်ခြောက်ဦးစလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ ကြောင်း သိရသည်။
“မနက်က ကျတော်တို့မြို့က စစ်ဆေးရေးဂိတ်ကို ဝင်ပစ်သွားတာ။တစ် လမ်းထိပ်နဲ့ အမက ထောင့်က ဂိတ်ပေါ့။အဲ့ဒီစစ်ဆေးရေးဂိတ်က ဘန်ကာတွေတော့ရှိတယ်။ ရဲစခန်းနဲ့ဆို ဂိုက် ၅၀၀ လောက်ပဲဝေးမယ်။မြို့ကတော့ အုန်းအုန်းကျွက်ကျွက်ဖြစ်သွားတာပေါ့။လုံခြုံရေးကတော့ ပုံမှန်ပါပဲ။သဲကုန်းမှာက စစ်တပ်အင်အားလည်း အများကြီးမရှိဘူး”ဟု သဲကုန်းမြို့ခံတစ်ဦး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF (၃၆၀၁ -PPPP) တပ်ရင်း၏ တပ်ခွဲ သုံးနှင့် တပ်ခွဲ ငါး တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း၊ ကား၊ဆိုင်ကယ်တို့ ငှားရမ်းခြင်းများမပြုလုပ်ကြပါရန် ပြည်ခရိုင် PDF (၃၆၀၁ -PPPP) တပ်ရင်းက အသိပေးထားသည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။