By Ra Wai / MPA
ရခိုင်နှင့် မကွေးအစပ်၌ နှစ်လခန့်ကြာကာလအတွင်း ထွက်ပြေးလာသည့် စစ်သား ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးမိခဲ့ကြောင်း Chin Defence Force – Ashoအဖွဲ့ထံက သိရသည်။
ယင်းစစ်သားများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အတွင်း ရခိုင်နှင့်မကွေးအစပ်ရှိ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများမှ ထွက်ပြေးလာသူများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းစွန့်ခွာထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။
” တစ်ဒေသတည်းကမဟုတ်ပါဘူး။ အခုဆိုရင် မကွေးတိုင်းထဲကလို့ပြောရတော့မှာဖြစ်ပါတယ်။ ခုနောက်ပိုင်းမိတာတွေကတော့။ တချို့က စခန်းစွန့်ခွာပြီးတော့ တိုက်ပွဲမဖြစ်ခင် ပြေးသလို၊ တချို့ကျလည်း တိုက်ပွဲအတွင်းမှာ ပြေးလာတဲ့သူတွေလည်းရှိပါတယ်” ဟု Chin Defence Force – Asho အဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက MPA သို့ပြောသည်။
ဖမ်းဆီးမိထားသည့် စစ်သားများကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရသည်။
ယင်းသို့ ထိန်းသိမ်းထားရသဖြင့် ရိက္ခာနှင့် လုံခြုံရေးအခက်အခဲများရှိပြီး လုံခြုံရေးအတွက် ရဲဘော်အင်အားလည်း အသုံးပြုထားရကြောင်း ၎င်းကဆက်လက်ပြောသည်။
ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အတွင်း AA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကင်းစခန်းမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ဦးကို လက်နက်နှင့်တကွ ဖမ်းဆီးရရှိခဲ့ကြောင်း Chin Defence Force – Asho က သတင်းထုတ်ပြန်ထားသေးသည်။