By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီ၏ ကြေးနီတင်ကားများ မိုင်းဆွဲခံရပြီး နှစ်စီးပျက်စီးသွားကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်၊ နံနက် ကိုးနာရီခွဲခန့်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ် နေရာ၌ မုံရွာမြို့မှ ထွက်လာသည့် စစ်ကောင်စီ ကြေးနီတင်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးတိမ်းမှောက်သွားပြီး နောက်တစ်စီးခေါင်းပိုင်းပျက်စီးသွားကြောင်း မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲသုံး(လျှပ်စီးတပ်ခွဲ)က သတင်းထုတ်ပြန်သည်။
” မိုင်းက အတွဲလိုက် ပဒေသာ မိုင်းတွဲတွေပါ။ စုစုပေါင်း ခုနှစ်လုံးတွဲ ငါးပွိုင့်ပါ။ ပြန်ကြဲသွားတာ မျိုး(ကြေးနီ)တော့မရှိပါဘူး။ သူတို့ကားတွေက ဆီဘောက်ဆာလိုမျိုး အလုံပိတ်ကားတွေပါ” ဟု မုံရွာခရိုင်အမှတ် ၁၂တပ်ရင်း၊ တပ်ခွဲသုံး(လျှပ်စီးတပ်ခွဲ)မှ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ခေါင်းပိုင်းပျက်စီးသွားသည့် ကားကို ပြန်လည်ပြုပြင်ပြီး ဆက်မောင်း သွားသော်လည်း တိမ်းမှောက်သွားသည့် ကားတစ်စီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာ၌ ညနေ ခြောက်နာရီဝန်းကျင် အထိရှိနေသေးကြောင်း သိရသည်။
” ကားကို ဝိုင်းပြင်နေတာတော့ လူအုပ်များတယ်။ ခရီးသွား Express ကားတွေကို လည်း တားထားပြီး ပြင်တတ်သူ ရှာတယ် ထင်တယ်။ ခရီးသွားကားပေါ်က ခရီးသွားပြည်သူတွေလည်း များတယ်။ ပျက်စီးသွားတဲ့ ကားနားမှာ ရှိနေတာ” ဟု ၎င်းကဆက်လက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်းနှင့် စစ်သားအများအပြား ဒဏ်ရာရရှိပြီး ချောင်းဦးမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းသိရသည်။
” ထိခိုက်မှုတွေကတော့ များတယ်။ ချောင်းဦးမြို့ဆေးရုံကြီးပေါ်မှာ အရေးပေါ်ကုသမှုတွေ လုပ်ပြီး ညနေပိုင်းမှာ မန္တလေးကို သယ်မယ်လို့ သတင်းရပါတယ်” ဟု ၎င်းက ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများက နာရီဝက်ခန့်ကြာ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲသုံး(လျှပ်စီးတပ်ခွဲ)၊ Nway Oo Brothers Column နှင့် Royal Tiger Force (ဆားလင်းကြီး) အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ ဒဏ်ရာရရှိမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။