By Ra Wai / MPA
စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဉ်တန်း လုံခြုံရေးအတွက် ကင်းစောင့်နေသည့် စစ် သားများကို PDF တို့ ပစ်ခတ်ခဲ့ရာ လေးဦးသေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ တစ်နာရီခွဲဝန်းကျင်က စစ်ကိုင်းတိုင်းဝန်းကြီးချုပ်လိုက်ပါသည့် စစ်ကောင်စီယာဉ်တန်းလုံခြုံရေးအတွက် စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းပိုင်းပေါ်ရှိ စစ်ကိုင်းမြို့အဝင် ဆိုင်ဘုတ်အနီး၌ စစ်သားငါးဦးကင်းစောင့်နေစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးထွက်ပြေး လွတ်မြောက်သွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
” ကျနော်တို့ဝင်ပစ်တာက ငါးကောင်ကင်းယူနေတဲ့နေရာ။ လေးကောင်က နေရာမှာတင် ပွဲချင်းပြီး သေပေမယ့် တစ်ကောင်ကျန်နေတာ။အဲ့တစ်ကောင်ကကျ သောက်ရေအိုးစင် အုတ်နဲ့ အခိုင်အမာ ဆောက်ထားတဲ့ဟာ။အဲ့ဟာကို ဘန်ကာသဘောမျိုးယူထားပြီးခုခံပစ်ခတ်တာ။ ကျတော်တို့ အဲ့ကောင်ကို မရမက လိုက်ယူနေတဲ့အချိန်မှာပဲ စစ်ကူတွေရောက်လာတာရယ်၊ ပြီးတော့စစ်ကိုင်း တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စကစက လက်နက်ကြီးပစ်ကူ ပေးတာရယ်ကြောင့် ပြန်ဆုတ်ခဲ့ ရတာ” လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာ၏ အရှေ့ဘက်၌ စစ်ကောင်စီတပ်စွဲထားသည့် စစ်ကိုင်းတက္ကသိုလ်ရှိပြီး အနောက်ဘက်၌ ရဲတပ်ရင်း ၁၆နှင့် ရဲလေ့ကျင့်ရေးအမှတ်သုံးရှိကာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ခြေလျင်လာလျှင်ပင် ငါးမိနစ်သာဝေးကြောင်း သိရသည်။
” လမ်းဘေးဝဲယာတစ်လျှောက်မှာလည်း ကျတော်တို့ပွဲဖြစ်တဲ့နေရာနဲ့မီတာ ၁၀၀ ဝန်းကျင်မှာ ကင်းယူနေတဲ့သူတွေ ရှိတယ်။ လက်နက်ကတော့ သူတို့ စစ်ကူတွေ ရောက်လာလို့ ကောက်ဖို့ရာ အဆင်မပြေလို့ မကောက်နိုင်ခဲ့လိုက်ဘူးဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းသို့စစ်သားများ တိုက်ခိုက်ခံရပြီးနောက် စစ်ကိုင်းတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ညောင်ပင်ဇင်ရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မြင်းမွေးရွာမှ အသက် ၆၅ အရွယ် အမျိုးသမီးတစ်ဦး တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။