By Nway / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦး- မြင်းမူလမ်းပိုင်း၌ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၆ရက်၊ မွန်းလွဲ နှစ်နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့ များနှင့် ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်တပ်အထိုင်စခန်းမှ ထွက်လာသော အင်အား၄၀ခန့်ပါ စစ်သားများ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်းထံက သိရသည်။
” မုံရွာကထွက်လာတဲ့ကြေးနီတင်တဲ့ကားတွေကို လုံခြုံရေးပေးဖို့ ကားတွေထွက်လာတယ်ကြားလို့ မိုင်းဆွဲဖို့စောင့်နေတဲ့အချိန်မှာနတ်ရေကန်က ကောင်တွေလည်း ရောက်လာတာနဲ့ ကားတန်းမရောက်ခင် အပြန်အလှန်ပစ်ကြတာ ” ဟု လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှတမှုကြောင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာစဉ် PDF ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” သူတို့ဖက်က ၄၀ (၄၀ မမ လက်နက်) တွေနဲ့ တောက်လျှောက်ပစ်တာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲအပြီးတွင် သေဆုံး၊ ဒဏ်ရာရ စစ်သားများနှင့် ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။