By Ko Paing / MPA
ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်းခုနှစ်ခုကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ရှစ်ဦးသေဆုံးပြီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက်တို့တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နှင့် ဖြူးနယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် ဂိတ်စခန်း ခုနှစ်ခုကို တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျတော်တို့က ၂၅ ရက်နေ့ကပဲပါတာ။ကျနော်တို့ တိုက်တာက လမ်းဟောင်း တံတားပေါ်က ဂိတ်စခန်း တံတားမှတ်တိုင် အမှတ် ၁၄၅ ကနေ ၁၄၉ ထိ ငါးခုတည်း တိုက်တာပါ။ သူတို့ကအဲ့မှာ သူတို့ထောက်ပို့လမ်းကြောင်းအတွက်ပေါ့။ ဂိတ်စခန်းတွေ နဲ့ လုံခြုံရေး ယူထားကြတာ။ သံလမ်းတံတားဂိတ်စခန်းလုံခြုံရေးပေါ့။ကျတော်တို့ ဝင်တိုက်တော့ ထွက်ပြေးသွားကြတယ်”ဟု Spring Warrior Column တပ်ရင်း မှ တပ်ရေးတာဝန်ခံ ရဲဘော်မှန်ကြီး ကပြောသည်။
ယင်းတိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂) တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်ကြောင်း (၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း (၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) က စစ်ရေးလှုပ်ရှားမှုကို တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ဂိတ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်းများမပြုကြရန် NUGကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။