By Nway / MPA
မုံရွာ-မန္တလေးလမ်းမကြီးပေါ် ညဘက်သွားလာခြင်းမပြုရန် PDF တို့၏ တားမြစ်ချက်ကို ပြည်သူအချို့က မလိုက်နာ ကြသဖြင့် ယခုနှစ်အတွင်း စစ်ကောင်စီတပ်အား မိုင်းဆွဲမည့်အစီအစဉ်များ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပထမနှစ်လတာ အတွင်း မုံရွာ – မန္တလေးလမ်းမကြီးပေါ် ပြည်သူတို့ ညဘက်သွားလာခြင်း မပြုရန် PDF တို့က လမ်းပိတ်ထားသော်လည်း အချို့က ဖြတ်သန်းသွားလာသဖြင့် မိုင်းဆွဲမည့်အစီအစဉ်ကို ငါးကြိမ် ထက်မနည်း ဖျက်သိမ်းခဲ့ရကြောင်း လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်းထံက သိရသည်။
” အစောပိုင်းကာလတွေကတော့ ပြည်သူတွေ ကိုယ်တိုင်လည်း ဆင်ခြင်တယ်။ ညဘက်မှာ ဖြတ်သန်းသွားလာခြင်းမရှိဘူး။ အခုနောက်ပိုင်းမှ ပြန်ပြီး ညဘက် ဖြတ်သန်းသွားလာတာမျိုးတွေ ပြန်လုပ်လာတာ။ ကျတော်တို့ အရင်ကတော့ ပိတ်ထားခဲ့ပြီးသားပါ။ အချိန်ကြာလာတော့ ကားတွေကပြန်ဖြတ်နေကြတာ။ အဲဒါကြောင့် အခု ပြန်ပြီး စာထုတ်ရတာပါ ” ဟု လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်းတာဝန်ခံ ကိုမိုးကြိုးက MPA ကို ပြောသည်။
ချောင်းဦး၊ မြင်းမူ၊ စစ်ကိုင်းနှင့် မုံရွာမြို့နယ်တို့ရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ သဘောတူညီချက်ဖြင့် စစ်ကောင်စီကားများနှင့် ပြည်သူကားများကို သဲသဲကွဲကွဲ မမြင်နိုင်သည့် ညနေ ခြောက်နာရီ မှ နံနက် ခြောက်နာရီအထိ လမ်းပိတ်ကြောင်း လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်းက ဖေဖော်ဝါရီ ၂၆ ရက်၌ သတင်းထုတ်ပြန်သည်။
” နေ့ခင်းဘက်မှာလည်း စစ်ကောင်စီ ကားတွေက ညှပ်ပြီးလိုက်တာ ရှိတယ်။ ဒါပေမဲ့ နေ့ခင်းမှာဆို ကျတော်တို့က ပြည်သူကား၊ စကစ ကား ခွဲခြားနိုင်တယ်။ ညဘက်မှာကျ စကစ ရဲ့ ကားတွေ ထွက်လာတယ်ဆိုတဲ့ သတင်းရတာနဲ့ ကျတော်တို့မှာ ပြည်သူကား ပါလာသလား၊ မပါဘူးလား မခွဲနိုင်တော့ဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
လမ်းပိတ်ထားသည့်အချိန်တွင် ဖြတ်သန်းသွားလာပါက မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွင် ဖြစ်ပေါ်လာနိုင်သည့် မည့်သည့် ထိခိုက် ၊ ပျက်စီးမှုကိုမျှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။