By Ko Paing /MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်း (ဗောဓိတစ်ထောင်) ကိုလေကြောင်းနှင့် လက်နက်ကြီးပစ်ကူကြားမှ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲ ၁၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း အမှတ်တစ်စစ်ဒေသက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၆ ရက်၊ နံနက် ခြောက်နာရီခန့်တွင် ရဲအင်အား ၁၇ ဦးတပ်စွဲထားသည့် မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်စခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲကတော့ သူတို့အထိုင်ကျနေတဲ့နေရာကို သိမ်းရတာဆိုတော့ ရဲဘော်တွေ အခက်အခဲကြားကနေ ရအောင်သိမ်းရတာပါ။ကျတော်တို့ စတဲ့အချိန်ကလည်း လင်းနေပြီ။သူတို့က အမြင့်ပေါ်က၊ ကျတော်တို့က အောက်ကနေ ကျားထိုးတက်ရတာ။လက်နက်ကြီးနဲ့လေကြောင်း တွေကြားကနေ ရအောင်စခန်းကို သိမ်းနိုင်ခဲ့ပါတယ်။ရဲအလောင်းတွေကိုတော့ ကျတော်တို့ မျက်မြင်တွေ့ရတာပါ”ဟု မုံရွာခရိုင်အမှတ်လေး တပ်ရင်း (Chindwin Atack Force) မှ ရဲဘော်တစ်ဦး က MPA သို့ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ Paramotor ၂ စင်းနှင့် တံတားဦးလေတပ်မှMi-35 တို့ဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမြောက်တပ်၅၀၈ မှ လက်နက်ကြီး ၁၄ ကြိမ်ပစ်ကူပေးခဲ့ကြောင်းသိရသည်။
ယင်းစခန်းမှ G-3 ငါးလက်၊ uzi သုံးလက်၊M-79 နှစ်လက်၊ G-3 ကျည် ၂၅၇၀ တောင့်၊ 9mm ကျည် ၂၁၂၈ တောင့်၊၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း နှစ်လုံး၊ ကျည်အိမ် ခြောက်ခုနှင့် TV တစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
“ စခန်းသိမ်းနေချိန်ကနေ ရှင်းလင်းရေးလုပ်တဲ့အချိန်ထိ နှစ်နာရီလောက် ကြာပါတယ်။ ကျန်တဲ့ရဲတွေက ထွက်ပြေးကုန်တယ်။ ကျတော်တို့ ရဲစခန်းအဆောက်အအုံတွေကို မီးရှို့နိုင်ခဲ့ပါတယ်” ဟု ၎င်း က ဆက်လက်ပြောသည်။
ယင်းစခန်းသိမ်းအတွင်း ရဲဘော် သုံးဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲကို မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် မုံရွာခရိုင်ကွပ်ကဲရေးအဖွဲ့၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ချောင်းဦးမြို့နယ်အခြေပြုစုဖွဲ့မှုစစ်ကြောင်း၊စစ်ကိုင်းခရိုင်တပ်ရင်း-၂ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် (ပကဖ) တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDG)၊ မုံရွာခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ်တိုက်နယ်-၁၁ ဒရုန်းအဖွဲ့နှင့် BLDF တို့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။
ရဲများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။