By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စေတီပုထိုးများ ပျက်စီးသွားကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၆ရက်၊နံနက် ၁၁နာရီဝန်းကျင်တွင် ရေဦးမြို့နယ်အနောက်ခြမ်း မဲအိုရွာ၌ မင်္ဂလာဆောင်လုပ်နေစဉ် စစ်ကောင်စီတပ်က MiG-29 ဂျက်ဖိုက်တာဖြင့် ဖောင်တော်ဦးဘုရား ကုန်းသို့ ပေါင်၁၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်အခြေပြု People’s Defense Comrade အဖွဲ့ထံမှသိရသည်။
” ကျရောက်ပေါက်ကွဲတာက ဖောင်တော်ဦး ဘုရားကုန်းဘေး ရေကန်ထဲကို နှစ်လုံးစလုံးပေါက် ကွဲခဲ့ တာပါ။ စေတီဘေးက အုတ်တံတိုင်းကိုလည်း ထိမှန်ပျက်စီးတယ်။ မင်္ဂလာပွဲကျင်းပတာကလည်း ဘုရားကုန်းထဲ မဟုတ်ပါဘူး။ ဖောင်တော်ဦး ဘုရားကုန်းဘေး ရေကန်ထဲကိုပဲ ကြဲချတိုက်ခိုက်သွား တယ်။ ဘုရားစေတီဘေး ရေကန်ထဲကျပေမယ့် ဗုံးသီးနှစ်လုံးစလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဖောင်တော်ဦးစေတီပုထိုးရော အုတ်တံတိုင်းရော ကျည်စထိမှန်ခဲ့တယ်။ ဖောင်တော်ဦးစေတီပုထိုး ဝန်းကျင်တခုလုံး ရစရာမရှိတော့ဘူး” ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comradeအဖွဲ့ ပြန်ကြားရေးတာဝန်ခံ၊ ကိုထူးခန့်ဇော်(အမေ့သား)က MPAသို့ပြောသည်။
စစ်ကောင်စီတပ်သည် ပြည်သူများကျင်းပနေသည့် အလှူပွဲနှင့် မင်္ဂလာပွဲများကို ခေါင်းစဉ်အမျိုးမျိုး တပ်ကာ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် ပြည်သူများ သတိထားဆင်ခြင်ဂရုစိုက်သင့်ကြောင်း ၎င်းကဆိုသည်။
” မလုပ်သင့် မလုပ်ထိုက်တဲ့အချိန်အခါမျိုးမှာ မလုပ်သင့် မလုပ်ထိုက်တဲ့ လူစုလူဝေးပွဲတွေ လူသိရှင်ကြားဖြစ်စေနိုင်မယ့် ပွဲမျိုးတွေ မလုပ်စေချင်ဘူးဗျ။ ကြားထဲက ခံရရင် ကိုယ့်ပြည်သူတွေသာလျှင် အသက်ဆုံးရှုံးကြရတာမို့ သတိထားဆင်ခြင်ပြီး ဂရုစိုက်စေချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထုံးတမ်းအစဥ်လာအရ အလှူပွဲနှင့်မင်္ဂလာပွဲများ ကျင်းပနေသည့် ဘုန်းကြီးကျောင်းများနှင့် စေတီပုထိုးများကို လေကြောင်းတိုက်ခိုက်မှုများ ကျုးလွန်နေခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်ကြောင်း လည်း ၎င်းကဆိုသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးသူများမရှိကြောင်းသိရသည်။