By Ra Wai / MPA
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြာင်းရန်ကာကွယ်ရေးတပ် ကာကင်းစခန်းများမှ ထွက်ပြေးလာသည့် စစ်သား ၂၃ ဦးကို လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ရက္ခိုင့်တပ်တော် AA က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိသည့် တောင်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ကာကင်းစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးလာသည့် စစ်သားများအား ဖေဖော်ဝါရီ ၂၄ ရက်မှယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) အထိ နယ်မြေရှင်းလင်းဖမ်းဆီးရာ နတ်ရေကန်တာဝါတိုင်မြောက်ဘက် မီတာ ၂၀၀၀ အကွာရှိ တောတွင်းနေရာအသီးသီး၌ ဖမ်းဆီးရရှိခဲ့ကြောင်း Chin Defence Force – Asho က သတင်းထုတ်ပြန်သည်။
” ပြန်လည်ပစ်ခတ်တာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ အသာတကြည် အဖမ်းခံတာမျိုးတော့ မဟုတ်ပါဘူး။ ပုံစံအမျိုးမျိုးနဲ့ ဖမ်းရတာဖြစ်ပါတယ်။ ကျတော်တို့ စတင်တွေ့ရှိတဲ့အချိန်မှာ လက်နက်ချဖို့ ပြောပေမဲ့ မချဘဲနဲ့မှ ကစဉ့်ကလျားပြေးကြတာဖြစ်ပါတယ်။ အဲ့ဒါတွေကိုမှ ကျတော်တို့က သုံးရက်ကြာ လိုက်လံရှာဖွေပြီးတော့ ဖမ်းဆီးရတာမျိုးပါ” ဟု Chin Defence Force- Asho ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက MPA သို့ပြောသည်။
ဖမ်းဆီးရမိသည့် စစ်သားများထံမှ MA 1 ၁၃ လက်၊ MA 2 တစ်လက်၊ MA 3 သုံးလက်၊ MA 11 နှစ်လက်၊ MA 5 တစ်လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည် ၄၀၀၀ ကျော်နှင့် အခြားစစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
နတ်ရေကန်ဒေသအနီးတဝိုက်တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ကြရန် Chin Defence Force – Asho က တိုက်တွန်းထားသည်။