By Ra Wai / MPA
ယခုနှစ် နှစ်လနီးပါးကြာ ကာလအတွင်း ကချင်ပြည်နယ်၌ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၄ ဦးအပါအဝင် စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) သတင်း ထုတ်ပြန်သည်။
ဇန်နဝါရီ တစ်ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ကချင်ပြည်နယ်၌ အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသား ၁၄ ဦးတို့ သေဆုံးခဲ့ကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ယင်းအထဲ၌ အသက် ၁၈ နှစ်အောက်ကလေးငယ် ခြောက်ဦး ပါဝင်သည်ဟု AAPP က သတင်းထုတ်ပြန်သည်။
“အဓိကကတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲပေါ့။ စစ်တပ်က မြေပြင်မှာ ယှဉ်မတိုက်နိုင်တော့ လေကြောင်းပစ်ကူ တောက်လျှောက်သုံးရတယ်။ ထိချင်ရာထိ ဗုံးကြဲတယ်။ အဲဒါကြောင့် ဗန်းမော်မြို့ ထဲမှာတင် အရပ်သားသေဆုံးမှုတွေရှိတယ်။ ပြီးတော့ ဗန်းမော်နဲ့ မံစီနားက ရွာတွေ ဗုံးကျတာရှိတယ်” ဟု ဒေသခံစစ်ဘေးရှောင်တစ်ဦးက MPA သို့ပြောသည်။
ဖေဖော်ဝါရီ ၂၁ ရက် ညနေ လေးနာရီဝန်းကျင်က ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံသာကျေးရွာထဲသို့ စစ်တပ်ကြဲချသည့် ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ နှစ်ဦး ဗုံးစထိမှန်၍ သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖေဖေါ်ဝါရီ ၂၁ ရက်တွင် စစ်ဘေးရှောင်များ ရှောင်တိမ်းနေသော ဗန်းမော်မြို့နယ်၊ ရေလဲရွာ၊ ပါပေါင်းရွာနှင့် မြစေတီဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့ပြီးဖေဖေါ်ဝါရီ ၂၀ ရက်ကလည်း ဗန်းမော်မြို့တွင်းရှိ ဗဟာရီးရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့သေးကြောင်း Banmaw Scout Team က သတင်းထုတ်ပြန်ထားသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA၊ AA၊ ABSDF၊ KPDF နှင့် ဗန်းမော်မြို့ခံ UG အဖွဲ့တို့က ဒီဇင်ဘာလေးရက်မှ စတင်ကာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗန်းမော်မြို့တွင်း၊ မြို့ပြင်ရှိ စစ်တပ်စခန်းအများအပြားကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ တစ်ရက်၊ စစ်တပ်အာဏာသိမ်းသည့်အချိန်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်အထိ စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၆၃၄၈ ဦးရှိပြီဖြစ်ကြောင်း AAPP က သတင်းထုတ်ပြန်သည်။