By Ko Paing/MPA
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းအတွင်း နယ်မြေရှင်းလင်းကင်းပတ်နေသည့် PDF စစ်ကြောင်းနှင့်စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ရှစ်နာရီကျော်တွင် ရေတာရှည်မြို့နယ်၊စစ်တောင်းမြစ်ဝှမ်းအတွင်း နယ်မြေရှင်းလင်းရေးကင်းပတ်နေသည့် ပုဝါနီစစ်ကြောင်း နှင့် အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်တို့သည် နှောပင်ကျေးရွာ အရှေ့မြစ်ကမ်းပါးအနီး ၂၅ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ရင်း ၃၅၀၄ – ပုဝါနီစစ်ကြောင်းက ယနေ့ (ဖေဖော်ဝါရီ၂၆ရက်) သတင်းထုတ်ပြန်သည်။
“ကျတော်တို့က နယ်မြေကင်းပတ်နေတုန်း စစ်ကောင်စီက စပစ်တာပါ။သူတို့က ကမ်းပါးဘေးမှာ ကင်းပုန်းဝပ်နေတာ။ကျတော်တို့က ကမ်းပါးဘေး ကင်းလှည့်တတ်မှန်းသိတော့ ရုတ်တရက် ထိတွေ့စဖြစ်တာပါ”ဟု တပ်ရင်း ၃၅၀၄ – ပုဝါနီစစ်ကြောင်းမှ တာ၀န်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က စစ်သားအလောင်းများကို ချန်ထားကာ နှောပင် ကျေးရွာအတွင်းသို့ သေနတ်များပစ်ခတ် ဝင်ရောက်သွားကြောင်းသိရသည်။
“သူတို့ဘက်က နှစ်ယောက်ကျသွားတော့ အလောင်းကို ထားခဲ့ပြီး သေနတ်တွေပစ်၊အော်ဟစ်ဆဲ ဆိုပြီး ရွာထဲဝင်သွားတာ။ရွာထဲမှာလည်း အော်ဟစ်ဆဲဆိုနေတာ။အလောင်းကိုတော့ ညမှ လာကောက်သွားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် နှောပင်ကျေးရွာအတွင်း စစ်သားအင်အားထပ်မံဖြည့်တင်းခဲ့ကာ နေရာဖြန့်ကျက်ယူ ထားကြောင်းသိရသည်။
ယင်းတိုက်ပွဲအတွင်း PDFရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရပြီး စစ်သားများသေဆုံးမှုကိုမူ MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။