By Nway / MPA
ကျောက်ခွက်ရေနံမှော်အတွင်းရှိ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီ ၂၅ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ရေနံမှော်ထဲရှိ ပေါက်မြို့နယ်၊ ဆုံကုန်းရွာဘုန်းကြီး ကျောင်း ၌ PDF ရဲဘော်တစ်ဦး၏ မင်္ဂလာဆောင်ကျင်းပနေစဉ် စစ်တပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) အထိ လေကြောင်းရန်ကြောက်သဖြင့် ပေါက်မြို့နယ်မှ ဆုံကုန်း၊ နသတ်၊ ကြက်ဆူအိုင်နှင့် မြိုင်မြို့နယ်မှ တဲကြီး၊ ကျောက်ခွက်ရွာမှ ပြည်သူများအပါအဝင် ရေနံမှော်ထဲသို့ လာရောက်အလုပ်လုပ်ကိုင်သည့် အခြားနယ်မှ ပြည်သူ သောင်းဂဏန်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြိုင်မြို့နယ်စစ်ရေးသတင်းမြစ်ထံက သိရသည်။
” ဒီလေကြောင်းတိုက်ခိုက်တဲ့နေရာမှာ မနေကြဘဲ ပြည်သူတွေအကုန်လုံးက ဘေးလွတ်ရာရှောင် ကြပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီလုပ်ငန်းဆက်လက်လှည့်ပတ်ဖို့ရန်အတွက် လောလောဆယ်အနေထားမှာတော့ စိုးရိမ်စိတ်တွေများနေပြီးတော့ ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အနေအထားတစ်ခုတော့ရှိပါတယ်” ဟု ၎င်းက MPA သို့ပြောသည်။
ကျောက်ခွက်ရေနံမှော်သည် မြိုင်နှင့်ပေါက်မြို့နယ်အစပ်တွင် တည်ရှိပြီး ဒေသခံများက နောက်ထပ် လေကြောင်းတိုက်ခိုက်မည်ကို စိုးရိမ်ကာ တိမ်းရှောင်နေကြခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံးပြီး၊ ၂၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။