By Ko Paing/MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့အဝင် စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ် ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် မြင်းခြံမြို့အဝင် အမှတ်၁၈ ရပ်ကွက်ရှိ အင်အား ၂၀ ခန့်ရှိသော စစ်ကောင်စီဂိတ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
“စစ်သား နှစ်ဦးမှောက်သွားပြီး ဒဏ်ရာရတယ်လို့ သိရပါတယ်။သေနိုင်လောက်ပါတယ်။ ကျတော်တို့ အ နေနဲ့ အတိအကျမပြောနိုင်သေးလို့ပါ။ ကျတော်တို့ကအနီးကပ်ဝင်ပစ်တာပါ။သူတို့ကလည်း ပြန်လည်ပစ်ခတ်ပေမဲ့ ကျတော်တို့ဘက်က ထိခိုက်ဒဏ်ရာမရရှိပါဘူး”ဟု Myingyan Black Tiger(MBT) မှ ခေါင်းဆောင် ဗိုလ်မိုက်ခဲ က MPA သို့ပြောသည်။
ယင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်သားများကို မြင်းခြံဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) နံနက်ပိုင်းသတင်းများအရ ယင်းစစ်သားနှစ်ဦးစလုံး သေဆုံးသွားပြီဟုသိရကြောင်း မြင်းခြံမြို့ပေါ် သတင်းရင်းမြစ်က ဆိုသည်။
“မနေ့ညကတည်းက သေသွားပြီလို့ သိရတယ်။ခိုင်လုံတဲ့သတင်းတစ်ရပ်လို့ဆိုပေမဲ့ တစ်ဆင့်ခံသိရတာဖြစ်လို့ လုံးဝကြီး အပြတ်မပြောရဲတာ”ဟု ၎င်းက ပြောသည်။
ယင်းပစ်ခတ်မှုအပြီးတွင် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်ကို ပျူစောထီးခေါင်းဆောင် သီတာယုမွန် လာရောက်ပြီး အင်အားဖြည့်တင်းကာ ယင်းဂိတ်၏ တောင်ဘက်အရပ်ရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) ၊ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။