By Ra Wai / MPA
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ အမြောက်တပ်တွင် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
တောင်ခမ်းရွာရှိ အမှတ် ၃၅၄ အမြောက်တပ်ဝန်းကျင်တွင် TNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ ယနေ့ (ဖေဖေါ်ဝါရီ ၂၅ ရက်) တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်ပြီး ကျယ်လောင်သည့် ပေါက်ကွဲသံများလည်း ကြားရကြောင်း ရှမ်း-မန်းအခြေစိုက် တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုသည်။
“ဒီနေ့ကတော့ ပေါက်ကွဲသံတော်တော်ကျယ်တယ်လို့ သိရတယ်။တချို့ပြောကြတာ အမြောက်တပ်ထဲက လက်နက်ခဲယမ်းတိုက် ထိပြီး ပေါက်ကွဲတာလို့ ပြောတယ်။ဖြစ်နိုင်ခြေရှိပေမဲ့ ကျတော်တို့ မြေပြင်ရဲဘော်တွေဆီက လုံးဝအတည်ပြုချက်မရသေးဘူး”ဟု ၎င်းက MPA သို့ပြောသည်။
လက်နက်တိုက်ထိမှန်သည်ဆိုပါက စစ်တပ်ဘက်က လက်နက်ခဲယမ်းများ မြန်မြန်ဆန်ဆန်ဖြည့် ရန် မလွယ်ကြောင်း ၎င်းက သုံးသပ်သည်။
“သူတို့ လက်နက်ခဲယမ်းကို လေကြောင်းနဲ့ ပို့နေတာ။လေကြောင်းကျတော့ လွတ်လွတ်ကျွတ်ကျွတ်ပို့ နိုင်ပေမဲ့ တစ်ချီတည်း အများကြီးတော့ ဘယ်ပို့နိုင်မလဲ။ကျောက်ဂူဘက်ကနေ မြေပြင်စစ်ကြောင်းနဲ့ ပို့တာကျတော့ ဓနုတော်လှန်ရေးတပ်တွေက ကောင်းကောင်းတိုက်နေတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
တရုတ်နိုင်ငံ၊ကူမင်းမြို့တွင် စစ်ကောင်စီနှင့် TNLA တို့ ဖေဖေါ်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ရာ အဖြေမထွက်ဘဲ ပြီးဆုံးသွားခဲ့သည်။
စစ်တပ်သည် ဆွေးနွေးပွဲကာလအတွင်းမှာပင် TNLA ထိန်းချုပ်နယ်မြေတို့ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။