By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ချောင်းဦးမြို့နယ်အရှေ့မြောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် စက်တပ်လေထီး (Paramotor) တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
” ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်တယ်။ နောက်ပြီးတော့ မုံရွာနမခကနေ Paramotor နှစ်စီးနဲ့ လေကြောင်းထပ်တိုက်တယ်။ ဖိုက်တာနဲ့တစ်ကြိမ်၊ Paramotor နဲ့က သုံးကြိမ်။ ရွာထဲကိုကြဲတာ။ တိုက်ပွဲတော့ မရှိဘူးဗျ။ ဘာသတင်းရလို့လဲတော့မသိဘူး။ ကျတော်တို့တော့ အတိအကျမသိရသေးဘူး” ဟု ချောင်းဦးမြို့နယ် အရှေ့မြောက်ခြမ်းနေ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ဗုံးကြဲတိုက်ခိုက်သည့်နေရာသို့ ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်ရှိ မြပုလဲစစ်ဆေးရေးဂိတ်မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်က မုံရွာမြိုနယ်၊ ညောင်ဖြူပင်၊ သစ်ဆိမ့်၊ မရိုးကုန်းရွာနှင့် ချောင်းဦးမြို့နယ်၊ ကုလားကြီးရွာ စစ်ရှောင်စခန်းတို့ကို Y12 လေယာဉ်ဖြင့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းမုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီထံကသိရသည်။