By Jar Seng / MPA
စစ်ကောင်စီက လေးလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၃ကြိမ်အထိပြုလုပ်ခဲ့ပြီး၊ ယင်းတို့အနက် ၂၆ ကြိမ်သည် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်မှုနှင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်စဉ်များအတွင်း အစုလိုက်အပြုံလိုက် သေဆုံးမှုများပါဝင်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဆိုသည်။
ယမန်နှစ် (၂၀၂၄ ခုနှစ်)၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လူငါးဦးနှင့်အထက် သေဆုံးခဲ့သည့် အရပ်သားအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်သည် အနည်းဆုံး ၄၄ ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်များ၌ စစ်ကောင်စီက ကျူးလွန်သည့်ဖြစ်စဉ်သည် ၄၃ ခုရှိကာ သေဆုံးခဲ့သူ ၃၅၆ ဦးရှိခဲ့သည်။
“ဒီတော်လှန်ရေးကာလအတွင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကျမတို့ အရပ်သားပြည်သူတွေ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်၊ သတ်ဖြတ်ခံရတာတွေ များသထက်များလာတယ်။ ဒါက နာကြည်းစရာလည်းဖြစ်တယ်။ ကျမတို့တွေအနေနဲ့ စစ်ကောင်စီကို ရရာနေရာကနေ ပါဝင်တိုက်ခိုက်နေတာကို မရပ်တန့်ဖို့လိုပါတယ် ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုကဲ့သို့ လေးလတာအတွင်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့သော ဖြစ်စဉ်များ၏ ထက်ဝက်ကျော်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသ၌ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၁ ၂ခုဖြစ်ပွားခဲ့ကြောင်း စစ်တမ်းအရသိရသည်။
ယင်းအပြင် လေးလတာအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုအလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်သည် ၂၆ ကြိမ်ထိရှိခဲ့ပြီး ရခိုင်ပြည်နယ်၌ ၁၀ ကြိမ်ဖြစ်ပွားခဲ့ကာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ငါးကြိမ်၊ စစ်ကိုင်းတိုင်းတွင် လေးကြိမ်၊ မကွေးတိုင်းတွင် နှစ်ကြိမ်၊ ကချင်ပြည်နယ်တွင် တစ်ကြိမ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် တစ်ကြိမ်ရှိခဲ့ကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။
“ ဒါကတော့ ဒီအဖွဲ့ရဲ့ သုတေသနထုတ်ပြန်ချက်ပေါ့နော်၊ ဒီမှတ်တမ်းတွေက အရေးကြီးတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ AA ကနေ စစ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ကြေညာခဲ့တယ်။ အဲ့ဒီနောက်မှ စစ်ကောင်စီက ပုဏ္ဏားကျွန်း၊ ကမ်းထောင်းကြီး၊အမ်း၊ ရမ်းဗြဲမြို့တွေကို တောက်လျှောက် ဗုံးကြဲခဲ့တာ၊ ကျတော်မှတ်မိသလောက်ဆို ဒေသခံ ကိုးဆယ်ကျော်လောက်သေဆုံးခဲ့ရတယ်။ စစ်ကောင်စီကတော့ ကျတော်တို့ပြည်သူတွေကို သတ်ဖြတ်နေအုန်းမှာဘဲ ” ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင်သည့် ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
အဆိုပါလေးလတာအတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၌ သေဆုံးခဲ့ရသည့် အရပ်သား ဦးရေသည် ၁၁၀ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာကိုးရက်က မောင်တောမြို့၊ လေးမိုင် (နခခ-၁) ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်စဉ် AA က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းနှင့် အရပ်သား အကျဉ်းသား၅၀ကျော်သေဆုံးခဲ့မှုကို စစ်တမ်း၌ ထည့်သွင်းရေတွက်ထားခြင်းမရှိကြောင်း သိရသည်။
“ စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ကို ပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတာ၊ ပြီးရင် တော်လှန်ရေးတပ်သားတွေရှိလို့ပါဆိုတဲ့ အကြောင်းပြချက်အမြဲပေးတယ်။ ဒါတွေကို မှတ်တမ်းပြုထားပြီး တစ်ချိန်မှာ သူတို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ပေးကိုပေးရမယ် ” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။
ယခုနှစ်(၂၀၂၅ခုနှစ်)အစမှ စတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ကချင်ပြည်နယ် မိုးမိတ်မြို့နယ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ခန့် သေဆုံးခဲ့ရသည်။
စစ်ကောင်စီအာဏာသိမ်းခဲ့သည့်အချိန်မှ လက်ရှိအချိန်ထိ စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ အဖွဲ့အစည်းများကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၆၃၃၈ ဦးသေဆုံးခဲ့ရပြီး စုစုပေါင်း ၂၈၆၅၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။