By Nway / MPA
စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့်ဖေဖေါ်ဝါရီလ ငါးရက်တာအတွင်း ပြည်သူ၁၀ဦးကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများနှင့် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများအား ဖေဖေါ်ဝါရီဒုတိယပတ်အတွင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
” စစ်ကြောင်းလာပြီဆို အဖွဲ့တွေကလည်း ပြည်သူတွေကို သေချာထုတ်၊ သတင်းစကားပါးသင့်သလို ပြည်သူတွေကလည်း သေချာလိုက်နာဖို့လိုတယ်။ အဲဒီလိုဆို ခုလို စစ်ကြောင်းမိလို့ အသတ်ခံရတာ အဖမ်းခံရတာတွေ လျော့သွားမယ်လို့ ထင်ပါတယ် ” ဟု မြိုင်မြို့နယ်၌ ခိုလှုံနေသည့် CDM ဆရာမတစ်ဦးက MPA ကိုပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်၌ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ရေပုတ်ကလေးကျေးရွာသားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်၌ ဖမ်းဆီးထားသူများမှ ခြောက်ဦးအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို မြေပြင်မှစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာထွက်မပြေးနိုင်သည့် အသက် ၁၀၀ ကျော် အဘွားတဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ၄၈ လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း AAPP က ဆိုသည်။
ဖေဖော်ဝါရီ ၁၉ ရက်၌ပင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံ ငါးဦးကို ပစ်ခတ်သတ်ဖြတ်ကာ အယောက် ၃၀ ခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၀ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရခိုင်ပြည်နယ်၊ ပေါက် တောမြို့နယ်ရှိ ကျေးရွာများကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ လောက်ဖန်း ကျေးရွာကိုလည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူများကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုန်ညှင်းကျေးရွာကို စက်တပ်လေထီးများဖြင့် စစ်တပ်က ဗုံးကြဲခဲ့သောကြောင့် ကလေးတစ်ဦးအပါအဝင် ပြည်သူရှစ်ဦး သေဆုံးခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။