By Ko Paing / MPA
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် နတ်ပွဲမှ ကင်းပတ် ပြန်လာသည့် စစ်ကောင်စီဆိုင်ကယ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦး သေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၁၁ နာရီ မိနစ် ၅၀ ဝန်းကျင်တွင် နတ်တလင်းမြို့နယ်၊ သရက်ပင်ကန်ရိုးကျေးရွာ၌ ပြုလုပ်သောနတ်ပွဲမှ နတ်တလင်းမြို့ပေါ်သို့ ဆိုင်ကယ်ခုနှစ်စီးဖြင့် ပြန်လာသည့် စစ်သား ၁၄ ဦး ယာဥ်တန်းကို Bamar Revolution Army ရဲဘော်များက ငုတ်တိုင်ရွာနှင့်ပေါက်ကုန်းကျေးရွာကြား၌ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင်-၃၈၀၁၊ တပ်ခွဲလေး PDF (Bamar Revolution Army) က သတင်းထုတ်ပြန်သည်။
“မိုင်းက ကတော့ အမြန်စီစဥ်ပြီး လုပ်ရတာဖြစ်လို့ တစ်လုံးတည်းသာ အသုံးပြုနိုင်ပါတယ်။ ရန်သူ့ နယ်မြေအတွင်းထိ စွန့်စားဝင်ရောက်ပြီး နီးနိုင်သမျှ နီးအောင် ကပ်ပြီးခွဲခဲ့တာပါ။ မိုင်းဆွဲလိုက်ချိန် ဆိုင်ကယ် နှစ်စီးလဲသွားပြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေလုပ်ပါတယ်။ ညဘက်ဆိုတော့ သူတို့လည်း အရမ်းဆင်းမလိုက်ရဲဘူး။သူတို့ ပစ်နေချိန် ကျတော်တို့ ဝပ်နေတော့ အသံတွေကြားနေရပါတယ်။ ပြီးမှ ဖြည်းဖြည်းချင်းပြန်ဆုတ်လာခဲ့တာပါ” ဟု သာယာဝတီခရိုင်-၃၈၀၁၊ တပ်ခွဲလေး PDF( Bamar Revolution Army) မှ တပ်ခွဲမှူးလကျ်ာ က MPAသို့ပြောသည်။
သေဆုံးသွားသော စစ်သားများကို ဆိုင်ကယ်များဖြင့်ပင် နတ်တလင်းမြို့ပေါ်သို့ ပြန်သယ်သွား ကြောင်း သိရသည်။
စစ်သားများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် Bamar Revolution Army ရဲဘော်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်သားများသေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။