By Ra Wai / MPA
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ TNLA ရဲဘော် ၁၀ဦး ထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနှင့် မန်မော်ကျေးရွာကြား၌ စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း၌ စစ်တပ်က အဆိပ်ငွေ့ဗုံးသုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
“အဆိပ်ငွေ့ဗုံးကြဲချတယ်ဆိုတာကို အချက်အလက်တွေ ခိုင်မာဖို့လိုတယ်။အဲဒီအချက်အလက်တွေကို ကျွမ်းကျင်သူတွေဆီပို့ပြီး အဆိပ်ငွေ့ဗုံးဖြစ်ကြောင်း စစ်ဆေးမှုရလဒ်လိုပါမယ်။မှန်ကန်တယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီကို ပေးပို့တိုင်ကြားရပါမယ်။နိုင်ငံတ ကာက ဘာမှမလုပ်တာက တစ်ပိုင်းပေါ့”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPA သို့ပြောသည်။
ယင်းသို့ အဆိပ်ငွေ့ဗုံးကြောင့် ရဲဘော် ၁၀ဦးမှာ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှား မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင်ကျကာ ဝေဒနာခံစားရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိရာ လေးဦးမှာ ဝေဒနာပြင်းထန်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ၌ နိုင်ငံတကာတားမြစ်ထားသည့် အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း TNLA ကထုတ်ပြန်သည်။
ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ခုနှစ်ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရှိခဲ့ကာ နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် ၁၁ ထိမှန် ပျက်စီးသွားကြောင်း TNLA ကဆိုသည်။