By Nway / MPA
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လမ်းဟောင်း၌ စစ်ကောင်စီယာဉ်တန်းနှင့် တော်လှန်ရေးတပ်များက ဖြတ်တိုက်ခဲ့ရာ စစ်သား ခုနှစ်ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက် ၊ မွန်းလွဲ တစ်နာရီခွဲခန့်တွင် ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော စစ်သားအင်အား ၁၀၀ ခန့်ပါ ယာဉ်တန်းကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ နတ်ရေကန်လမ်းဟောင်း၌ တော်လှန်ရေးတပ်တို့က ဖြတ်တိုက်ခဲ့ကြောင်း Chin Defence Force – Asho က ယနေ့ ( ဖေဖော်ဝါရီ ၂၃ ရက် ) သတင်းထုတ်ပြန်သည်။
” စစ်ယာဉ်တန်းက လေးစီးကိုမှ ခြေလျင်လျှောက်လာတဲ့ တပ်သားအင်အားက ၁၀၀ရှိပါတယ်။ တိုက်ခိုက်မှုက တစ်နာရီနီးပါးကြာခဲ့ပါတယ်။ ကျတော်တို့ဘက်က ရဲဘော်ကျဆုံးတာက တိုက်ပွဲအပြီးမှာ ကားနှစ်စီးပျက်စီးသွားတော့ ရှင်းလင်းရေးဝင်ဖို့အတွက် ရှေ့ကပ်ပြီး တိုက်စစ်ဆင်တဲ့အချိန်မှာ ကျတော်တို့နဲ့ မီတာ၂၀၀ကျော်အကွာကနေ ရန်သူလှမ်းပစ်လို့ ကျဆုံးသွားတာဖြစ်ပါတယ် ” ဟု CDF Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက MPA ကို ပြောသည်။
တိုက်ပွဲအပြီးတွင် ကျန်ရှိနေသော စစ်ယာဉ်နှစ်စီးသည် ချက်ချင်းပြန်ဆုတ်မသွားဘဲ ပဒါန်းမှတက်လာသော ကရိန်းကားဖြင့် အပျက်အစီးများ ရှင်းလင်းကာ ယနေ့နံနက်မှ ပြန်ဆုတ်သွားကြောင်း သိရသည်။
” မြေပြန့်ဘက်ကို ထွက်ခွာသွားတာပါ။ ပဒါန်းဘက်လား၊ မင်းဘူးဘက်လား၊ တပ်ရင်းတွေလားဆိုတာတော့ အတည်ပြုချက်မပေးနိုင်ပါဘူးခင်ဗျာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲအပြီးတွင် လက်နက်ငယ်လေးလက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း Chin Defence Force – Asho က သတင်းထုတ်ပြန်ထားသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။