By Nway / MPA
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာ ၁၂ ရွာမှ ပြည်သူတစ်သောင်းခွဲကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ပေါက်ခေါင်းမြို့နယ် အိုင်စောက်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက် ချိန်မှစ၍ အိုင်စောက်၊ ကြို့ပင်စု၊ မြောက်ကန်ကလေး၊ ဘောဓိကုန်း၊ ရွှေကူ ၊ ဒွရွာ၊ သဖန်းကိုင်း၊ လွှစင်ကုန်း၊ ကျောင်းကုန်း၊ ငှက်ပျောတော၊ ရွာမနှင့် သစ်ရောင်းပြန်ရွာတို့မှ ပြည်သူများ တိမ်းရှောင်နေကြရကြောင်း ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
” ၁၉ရက်နေ့နောက်ပိုင်း ဆက်တိုက်စစ်ကြောင်းထိုးတာ စစ်ကြောင်း ၁၀ခုရှိတယ်ဗျ။ အစားအ သောက် နဲ့ ဆေးဝါးတွေလိုအပ်နေပါတယ် ” ဟု ၎င်းက MPAသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက်တွင် အိုင်စောက်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာ ယနေ့အထိ ဆေးဝါးကုသခွင့်မရသေးကြောင်း သိရသည်။
” ရွာမှာပဲ ဆေးမြီးတိုတွေနဲ့ကုထားရတယ်ဗျ။ အရင်ရက်က ပရဟိတကားကို ရွာထဲပေးမဝင်ဘူး။ အိုက်စောက်နဲ့ ကြို့ပင်ရွာ ပတ်ဝန်းကျင်ကိုလည်း မြေမြှုပ်မိုင်းတွေထောင်ထားတယ်ဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက စစ်ရှောင်ပြည်သူများကို တခြားရွာများက လက်မခံကြရန် လှုံ့ဆော်မှုများလည်းရှိနေကြောင်း သိရသည်။
မြို့နေပြည်သူများအနေဖြင့် စစ်ရှောင်ပြည်သူများကို ကူညီစောင့်ရှောက်ကြရန်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများကို စစ်ကောင်စီ သတင်းပေးပို့ကြရန် ပြည်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက တိုက်တွန်းထားသည်။
ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ပေါက်ခေါင်းမြို့ရှိ စစ်ကောင်စီဂိတ်စခန်းများအတွက် စားနပ်ရိက္ခာနှင့်ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကားနှစ်စီးကို ပြည်နှင့်ပေါင်းတလည်ကြား တောင်ဇင်းဝကွေ့အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားကိုးဦး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF – ၃၆၀၁ တပ်ရင်း ) က သတင်းထုတ်ပြန်ထားသည်။