By Poesangle / MPA
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ၎င်းတို့၏ မိုင်းရှင်းလင်းအဖွဲ့မရှိသေးသည့်အတွက် ဒေသခံများသည် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်မှု ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၁ရက်)၊ နံနက် ရှစ်နာရီက သီပေါမြို့နယ်၊ ကိုစုံကျေးရွာရှိ နေအိမ်တစ်အိမ်၌ စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကုံစုံကျေးရွာသည် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၃ စခန်းတည်ရှိခဲ့ပြီး ဒေသခံများသည် လက်နက်အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးမှုများ မကြာခဏရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ ကုံစုံကျေးရွာက မိသားစု သုံးဦးလုံး ထိသွားတယ်လို့ကြားတယ်။ လက်နက်ကြီးအကြွင်းအကျန်လား၊ ဗုံးလား၊ မြေမြှုပ်မိုင်းလားတော့ မသိဘူး။ မိဘနှစ်ယောက်လုံးသေသွားတယ်။ ကလေးကတော့ ဒဏ်ရာရထားလို့ နယ်စည်းမခြား ပရဟိတ အဖွဲ့က သယ်သွားပြီးတော့ ဆေးရုံပို့ပေးထားတယ် ” ဟု ကုံစံကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်ကလည်း သီပေါမြို့နယ်၊ စစ်ကောင်စီ၏ ခလရ ၂၃တပ်စခန်းအနီး တုံစင်ကျေးရွာခံ၊ အသက် ၁၃နှစ်အရွယ် စိုင်းလောဝ်ခမ်းသည် မိုင်းနင်းမိပြီး ညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့သည့်အပြင် ဖေဖော်ဝါရီ ၁၉ရက်က ဆိုင်းခေါင်ကျေးရွာမှ ကလေးငယ်နှစ်ဦး ဗုံးယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
သီပေါမြို့တွင် ယခုနှစ်(၂၀၂၅ခုနှစ်)၊ ဇန်နဝါရီမှ ဖေဖော်ဝါရီ ၂၁ရက်အထိ စစ်လက်နက်အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကြောင့် အရပ်သား ငါးဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်အချက်အလက်များအရ သိရသည်။
“ မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်ပြီးတော့ မလုပ်ရသေးဘူးလို့ပြောရမယ်။ မိုင်းရှင်းပေးတဲ့အဖွဲ့တွေလည်း မရောက်သေးဘူး။ ဘယ်နေ့၊ ဘယ်အချိန်လာမှာလဲဆိုတာ မသိရဘူး ” ဟု သီပေါမြို့နယ်ရှိ စစ်မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
TNLA အနေဖြင့် မြို့သိမ်းတိုက်ပွဲများကို ဖော်ဆောင်ခဲ့သော်လည်း ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များတွင် အုပ်ချုပ်ရေးယန္တရားကိုသာ ပုံမှန်လည်ပတ်နေပြီး စစ်လက်နက်အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကို ထိရောက်စွာ မဖြေရှင်ပေးနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။
“ လူငယ်တစ်ယောက်ရဲ့ အမြင်ကိုပြောရမယ်ဆိုရင် မြို့ထဲမှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်ပြီး အရင်လို ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ပြောရမယ်။ ဒါပေမဲ့ ကျေးရွာအပိုင်းတွေမှာတော့ ဒေသခံတွေက ဒုက္ခတွေရောက်နေတာ၊ အလုပ်လည်းကောင်းကောင်းလုပ်မရဘူး။ စီးပွားရေးလည်း ကောင်းကောင်းလုပ်လို့မရ၊ မြေမြှုပ်မိုင်းနဲ့ လက်နက်အကြွင်းအကျန်တွေကြောင့် အခက်အခဲကြု့နေရတယ်။ ကလေးတွေဆိုရင် ပိုဆိုးတယ် စစ်လက်နက်မှန်း မသိကြဘူး။ ယူဆော့တယ်။ အဲ့ဒါကြောင့်မို့လို့ မိုင်းရှင်းလင်းရေးကို အမြန်ဆုံးလုပ်ပေးရင် အကောင်းဆုံးပဲလို့ မြင်တယ် ” သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
သီပေါမြို့အတွင်း စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများကို ရှင်းလင်းမှုနှင့်ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ လေးယေဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
ယခုလအတွင်း စစ်လက်နက်အကြွင်းအကျန်ပစ္စည်းနှင့် မြေမြှုပ်မိုင်းများကြောင့် သီပေါမြို့ဒေသခံများ သေဆုံးခဲ့မှုအပြင် ကွတ်ခိုင်၊ မူဆယ်နှင့် မိုးမိတ်မြို့နယ်တို့တွင်လည်း အဆိုပါ ကိစ္စရပ်များကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။