By Hlaing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည် – ပေါက်ခေါင်းလမ်းပိုင်း၌ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးနောက် အဆိုပါ နေရာကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်၍ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ညနေ ခြောက်နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်ဇင်းဝတောင်ကြော၊ ပြည် – ပေါက်ခေါင်းကားလမ်းပိုင်း၌ စစ်ကားနှစ်စီး တိုက်ခိုက်ခံရပြီး စစ်သား ကိုးဦးသေဆုံးခဲ့ကြေင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့်အပြင် အင်ဂျင်တပ်လေထီး (Paramotor) အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံ ၅၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ၍ ထွက်ပြေးနေရသည်။
“ ၁၈ ရက်နေ့က တိုက်ပွဲရဲ့ အဆက်ပဲ၊ စစ်ကောင်စီဘက်က အထိနာသွားပုံရတယ်။ စစ်ရှောင်ဦးရေ ၅၀၀၀ ကျော်မယ်” ဟု Pyay Underground News(PUGN) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ည ၁၀ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီက အင်ဂျင်တပ်လေထီး (Paramotor) အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အိုက်စောက်ကျေးရွာမှ အသက် ၅၀ နှစ်အရွယ်ရှိ ဒေါ်စန်းရီသေဆုံးခဲ့ပြီး အသက် ၃၈ နှစ်အရွယ်ရှိ ဦးအောင်မျိုးဝင်း (ခ) ဖိုးပြားနှင့် အသက် ၁၂ နှစ်အရွယ်ရှိ မရွှန်းလဲ့ဝေတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယခုချိန်ထိ ဆေးကုသခွင့်မရရှိသေးကြောင်း သိရသည်။
လက်ရှိ ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ စစ်ကောင်စီက ပေါက်ခေါင်းမြို့နယ်၊ အိုက်စောက်ကျေးရွာအတွင်း၌ အင်အား ၁၅၀၊ တင့်ကား နှစ်စီးဖြင့် တပ်စွဲနေပြီး ကြို့ပင်၊ မြောက်ကန်ကလေး၊ နတ္တလင်း၊ သစ်ရောင်ပြန်၊ သဖန်းကိုင်း၊ သိုက်ချောင်း၊ ကြို့ပင်ဝိုင်းနှင့် ဘောဓိကုန်းကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း အသက် ၂၅ နှစ်အရွယ်ရှိ ပြည်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ ဒီနေ့မနက်(ဖေဖော်ဝါရီ ၂၁ ရက်) ခုနှစ်နာရီလောက်ကနေ ပစ်နေတာ ညနေ သုံးနာရီထိကို ပစ်နေတုန်းပဲ။ ကြို့ပင်ဝိုင်းနဲ့ ဘောဓိကုန်းရွာထဲက တချို့အိမ်တွေလည်း မီးလောင်နေတယ်။ လက်နက်ကြီးနဲ့ ပစ်နေတော့ ဘယ်သူမှလည်း မနေရဲကြတော့ဘူး” ဟု ၄င်းက ဆိုသည်။
ထို့ပြင် စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်) နေ့လယ်ပိုင်းမှစ၍ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာအနီးတဝိုက်၌ မြေမြုပ်မိုင်းများ တပ်ဆင်နေကြသည်ဟု မြေပြင်အခြေအနေသိရှိသူ ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က ပေါက်ခေါင်းမြို့အဝင်အထွက်နှင့် ပြည် – ပေါက်ခေါင်းလမ်းပိုင်းကိုလည်း အစစ်အဆေးတင်းကျပ်ထားကာ တိုက်ပွဲဖြစ်ပွားရာကျေးရွာအချို့နှင့် ရိုးမအတွင်းရှိ ကျေးရွာအချို့ကိုလည်း အင်တာနက်ဖြတ်တောက်ထားကြောင်း ပေါက်ခေါင်းဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ မြို့အဝင်အထွက်တွေမှာ အရမ်း စစ်ဆေးကြမ်းနေတယ်။ ပြည်မြို့ဘက်ကနေ စစ်ကားတွေဆယ်စီးလောက် ပေါက်ခေါင်းဘက်ကို ဝင်လာကြတယ်။ ရိုးမနားတဝိုက် အင်တာနက်လိုင်းဖြတ်ခံရတော့ အဆက်အသွယ်မရဖြစ်နေ်တယ်။ ကြားတာတော့ သူတို့တွေလည်း စစ်ရှောင်နေကြတယ်လို့ ပြောကြတယ် ” ဟု ၄င်းက ဆိုသည်။
ပြည်ခရိုင်တွင် ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်တို့ ပါရှိပြီး ပေါက်ခေါင်းမြို့မှာ ပဲခူးရိုးမအစပ်ပေါ်တွင် တည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။
ပြည်ခရိုင်တွင် ပြည် ဒကစ(ဒေသကွပ်ကဲရေးစစ်ဌာနချုပ်)အပါအဝင် လက်ပစ်ဗုံး၊ ရေမြှုပ်ဗုံးထုတ်သည့် စက်ရုံများ၊ ခြေမြန်တပ်ရင်းများအပြင် ဥသျှစ်ပင်မြို့တွင် ယမ်းချက်စက်ရုံ (က.ပ.စ – ၁၆)၊ ကမြိုင် ယမ်းချက်စက်ရုံ (က.ပ.စ – ၅)၊ ပန်းတောင်းမြို့၊ ဆင်တဲကျေးရွာ၌ ကာကွယ်ရေးပစ္စည်းစက်ရုံ (က.ပ.စ – ၃)၊ ဒေါင်းတိုက်နှင့် ပဲကြီးကျေးရွာအနီး၌ (က.ပ.စ – ၅)၊ ညောင်ခြေထောက်ကျေးရွာ၌ သံရည်ကျိုစက်ရုံ (က.ပ.စ – ၆)၊ ပြည်မြို့အခြေစိုက် (က.ပ.စ – ၇)၊ ကျောက်ဖူးကျေးရွာတွင် ကျည်ဆံထုတ်လုပ်သည့်စက်ရုံ (က.ပ.စ – ၉)နှင့် ပေါက်ခေါင်းမြို့အနီးရှိ (က.ပ.စ – ၁၉) တို့ တည်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် လဆန်းပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပဲခူးတိုင်းအနောက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် AAနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပဲခူးရိုးမမှတဆင့် ပြည်မြို့အတွင်းသို့ ထိုးစစ်ဆင်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေသည်။
လက်ရှိ ပဲခူးရိုးမအတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ သေဆုံးမှုများလည်းရှိနေသည်။
စာတည်း-ကိုဆန်း