By Ra Wai / MPA
မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်းရှိ စစ်တပ်အထိုင်စခန်းလေးခုသို့ အင်အားသုံးစစ်ကြောင်းထိုးကာ ရိက္ခာပို့နိုင်ခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ တစ်ရက်က ပခုက္ကူမြို့၊ တပ်မ ၁၀၁မှ ကား ၂၃စီးဖြင့် ထွက်လာသည့် အင်အား ၂၀၀ခန့်ပါစစ်ကြောင်းသည် ဇန်နဝါရီ ၁၀ရက်၌ မြိုင်မြို့သို့ရောက်ရှိလာပြီး ယင်း ၁၀ရက်အတွင်း မြိုင်မြို့မရဲစခန်း၊ စက်မှုနှစ်၊ ကနီပျူရွာနှင့် သရက်ကန်ပျူရွာတို့သို့ ရိက္ခာပို့ပေးနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်စစ်ရေးသတင်းအရင်းမြစ်ထံကသိရသည်။
” လက်ရှိအနေအထားရတော့ သူတို့ ရိက္ခာ လတ်တလောအခြေအနေအရ လုံလောက်တဲ့ အနေအထားမှာ ရှိသွားပြီလို့ ပြောလို့ရပါတယ်” ဟု ၎င်းက MPAသို့ပြောသည်။
ပေါက်နှင့်မြိုင်မြို့နယ်တို့မှ ပခုက္ကူမြို့ပေါ်သို့ ဈေးလာဝယ်သောကားများကို ဈေးဝယ်ပြီးသည့်အခါမှ ဖမ်းကာ ပစ္စည်းရော ကားကိုပါ သိမ်း၍ ရိက္ခာပို့ခြင်းဖြစ်ကြောင်း သိရသည်။
” ပခုက္ကူမြို့က သွားခွင့်လာခွင့်ပိတ်ထားတယ်။ ပြီးတော့ကျ စကစဂိတ်တွေကနေ မြို့ထဲကို ဈေးဝယ်လို့ရပြီဆိုတော့ ဒီဘက်ကလည်း သွားကြတာ။ အဲ့ခါမှာ မြို့ထဲကိုပိတ်ပြီးတော့ သူတို့က ချောင်ပိတ်ရိုက်တဲ့ပုံစံမျိုးပေါ့။ ကားတွေကို အကုန်လုံးဖမ်းပြီးတော့ တပ်မ ၁၀၁ထဲခေါ်သွားတာ။ ပြီးကာကျမှ ကားဆရာတွေကို ထားခဲ့ပြီးတော့ သူတို့ဘက်ကပျူတွေကို မောင်းခိုင်းတာလို့ ကျတော်တို့သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းရိက္ခာပို့စစ်ကြောင်းနှင့် PDFတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မြိုင်စစ်တပ်အထိုင်စခန်းများကို ရိက္ခာပို့ပြီးနောက် မြိုင်မြို့ပေါ်၌ ယာယီ တပ်စွဲကာဖေဖော်ဝါရီ ၁၆ရက်ကျမှ ပခုက္ကူသို့ ပြန်လည်ထွက်ခွာလာပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာအချို့မှ ရိက္ခာများ လုယက်ခဲ့ကြောင်း သိရသည်။
” အပြန်မှာ လမ်းဘေးတောက်လျှောက်မှာရှိတဲ့ ရွာတွေကို ဝင်ပြီးတော့ ရိက္ခာတွေတင်သွားပါတယ်။ မြိုင်ကနေထွက်တော့အခွံ။ သို့သော်၊ လမ်းမှာရှိတဲ့ရွာတွေကို ဝင်ပြီးတော့ ရိက္ခာတွေ အတင်းအဓမ္မယူ သွားတာတော့ရှိပါတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၉ရက်တွင် ကျောက်ဆောက်ရွာမှ နေအိမ် အလုံး၅၀ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူသုံးဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သေးသည်။
ယင်းစစ်ကြောင်းသည် ယနေ့ (ဖေဖော်ဝါရီ ၂၁ရက်) ည ခုနာရီအထိ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာတွင် ရှိနေကြောင်းသိရသည်။
စာတည်း-ML