By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို လူခြေတိတ်ချိန်များ၌ ပြုလုပ်သဖြင့် ပစ်ချနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
ဒီဇင်ဘာ ၂၅ ရက်၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာသို့ နေ့ခင်းဘက်၌ စက်တပ်လေထီးဖြင့် ပထမဆုံးအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် ညဘက်နှင့် နံနက်အစောပိုင်း၌သာ တိုက်ခိုက်တော့ကြောင်း ဒေသတွင်းရဲဘော်တစ်ဦးထံမှသိရသည်။
” များသောအားဖြင့် ညပဲအသုံးများတယ်။ ညပိုင်းတို့၊ မနက်အစောပိုင်းတို့ မမြင်ကွယ်ရာအချိန်တွေ အိပ်စက်အနားယူချိန်တွေပေါ့”ဟု ၎င်းက MPA သို့ပြောသည်။
စတင်တိုက်ခိုက်သည့် ဒီဇင်ဘာ ၂၅ ရက်တွင် အမြင့်ပေ ၂၀၀၀ ကျော်၊ ၃၀၀၀ နီးပါးမှ ပျံသန်းကာ ဗုံးကြဲခဲ့ကြောင်း သိရသည်။
“အခုနောက်ပိုင်းကျတော့ နည်းနည်းနိမ့်လာတယ်နဲ့တူတယ်။ သူတို့အပေါ်ကနေလည်း လက်နက် ငယ်တွေနဲ့ ပစ်တာရှိတယ်။ အရင်ကဆို ဗုံးသီးလောက်ပဲချတာ။ သူတို့ကိုယ်သူတို့ Safe ဖြစ်တယ်ထင် လို့လားမသိဘူး။ ဒီဘက်ကလည်း ဘာမှမလုပ်နိုင်တော့ကျ နည်းနည်းပိုနိမ့်ပြီး ပျံသန်းလာတာလား မသိဘူး။ ပွိုင့်ဖိုက်တွေဘာတို့နဲ့တော့ ပစ်လို့ရနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တောင်သာမြို့နယ်အတွင်း စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ယနေ့အထိ ပြည်သူ ခုနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာ ထံက သိရသည်။
” စက်တပ်လေထီးတွေက လေယာဉ်လိုမဟုတ်ဘဲ ကုန်ကျစရိတ် သက်သာနေတဲ့ အနေအထားဖြစ် တယ်။ ဗုံးသီးချမှုမှာ နေရာစိပ်စိပ်အသုံးပြုနိုင်တယ်လို့ ထင်ပါတယ်” ဟု လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်သူများအနေဖြင့် လေယာဉ်သံနှင့်စက်တပ်လေထီးသံကြားပါက ကောင်းကင်သို့ မော့ကြည့်မနေဘဲ ဗုံးခိုကျင်းနှင့် နီးစပ်ရာ အမာခံအဆောက်အအုံများထဲသို့ အမြန်ဝင်ရန် ၎င်းက တိုက်တွန်းသည်။
စက်တပ်လေထီးများသည် ပေ ၈၀၀၀ အထက်၌ ပျံသန်းပြီး ဗုံးသီးချလျှင် ပေ ၆၀၀၀ အထိ နိမ့်ဆင်းလာသဖြင့် ပွိုင့်ဖိုက်နှင့် ပစ်လျှင်ရနိုင်ကြောင်း ၎င်းကဆိုသည်။
ယခုလ၌ တောင်သာမြို့နယ်အတွင်း စက်တပ်လေထီးဖြင့် ဗုံးကြဲခြင်းကို တစ်ကြိမ်မျှ မလုပ်သေးပေ။