By Ra Wai / MPA
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် PDF တို့၏ တိုက်ခိုက်မှုကြောင့် အထိနာသွားသော စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးပစ်ကူဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် မင်းတုန်းမြို့မှထွက်လာသည့် အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၉ ရက်၌ PDF တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသွားခဲ့ကြောင်းထို့နောက် ဖေဖေါ်ဝါရီ ၂၀ ရက်၌ မင်းတုန်းမြို့အဝင် ငါးမိုင်ဂိတ်မှ ၁၂၀ မမ လက်နက်ကြီး အချက် ၃၀ ကျော် ပစ်ကူပေးကာ မင်းတုန်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သရက်ခရိုင်အမှတ်လေးတပ်ရင်းက သတင်းထုတ်ပြန်သည်။
“ ၁၉ ရက်နေ့ ညနေပိုင်းမှာ တိုက်ပွဲငြိမ်သွားတယ်ပေါ့နော်။ ငြိမ်သွားပြီးတော့ ကျတော်တို့ကလည်း ပြန်ပြီးဆုတ်လာတယ်ပေါ့။ အဲ့မှာ သူတို့က ၂၀ ရက်နေ့မနက်မှာ ပြန်ဆုတ်ဖို့အတွက် လက်နက်ကြီး ပစ်ကူယူတာပေါ့နော်။ အဲ့အချိန်မှာတော့ တိုက်ပွဲကမရှိဘူး။ သူတို့ပြန်ဆုတ်ဖို့အတွက် လက်နက်ကြီး သက်သက်ရမ်းပစ်သွားတဲ့သဘောပေါ့။ တိုက်ပွဲဖြစ်ရာနေရာကို နယ်မြေဝင်ရောက်ရှင်းလင်းတဲ့အခါမှာ သူတို့သွေးကွက်တွေ ဆေးကုထားတဲ့ဟာတွေ တွေ့တယ်ပေါ့နော် ” ဟု သရက်ခရိုင်အမှတ်လေးတပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် မြောက်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲထားသည့်အတွက် ၁၉ ရက်နေ့ မွန်းလွဲ နှစ်ရီကျော်၌ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး သုံးနာရီခန့်၌ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ဂျက်ဖိုက်တာဖြင့် သုံးကြိမ် လေကြောင်းပစ်ကူ ပေးခဲ့ကြောင်းသိရသည်။
” အပြန်အလှန်တိုက်ခိုက်မှုက နှစ်နာရီကျော်ကျော်လောက် ကြာခဲ့တယ်ပေါ့။ နှစ်နာရီကျော်ကျော် လောက်အတွင်းမှာ သူတို့ကလည်း ကျောင်းဝင်းအတွင်းမှာ အခိုင်အမာနေရာယူတယ်။ ကျောင်း ကလည်း နှစ်ထပ်အဆောက်အအုံကိုမှ အုတ်ကာဆိုတော့ အထဲကနေ ခုခံပြီးတော့ လက်နက်ငယ်တွေ၊ ၄၀ မမ တွေ၊ သူတို့မှာ စနိုက်ပါလည်းပါတယ်ဗျ။ စနိုက်ပါနှစ်လက်နဲ့ပေါ့ ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှု၌ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
” တိုက်ပွဲအတွင်းမှာ ရဲဘော်တစ်ယောက်ကလည်း အပြင်းအထန်ဒဏ်ရာရထားတာရှိတယ်။ လေကြောင်းလာတော့ အနည်းငယ်ထိခိုက်ဒဏ်ရာရတာလေးတွေရှိတော့ ပြန်ဆုတ်လာတာပေါ့။ ပြန်ဆုတ်လာတဲ့အခါမှာ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်က ကျဆုံးသွားတာပေါ့။ ကျဆုံးရဲဘော်က စနိုက်ပါကျည်ထိတာ။ ကျန်တဲ့ရဲဘော်တွေကတော့ ဗုံးစရှပ်ထိမှန်တာ။ သူတို့နှစ်ယောက်ကတော့ မစိုးရိမ်ရပါဘူး” ဟု ၎င်းကဆက်ပြောသည်။
စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု များပြားသော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို သရက်ခရိုင်အမှတ်လေးတပ်ရင်း၊ တပ်ခွဲ တစ်၊ တပ်ခွဲနှစ်၊ ဒရုန်းတပ်စိပ်နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။