By Poesangle/ MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ၌ စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ စစ်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် နောင်ချိုမြို့သို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ တောင်ခမ်းရွာ၌ တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီက ဖေဖော်ဝါရီ ၂၀ရက် ညပိုင်းတွင် နောင်ချိုမြို့သို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အဘွားအိုတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ၊ ဖေဖော်ဝါရီ ၁၉ရက်က ရွာကို ခဏပြန်သေးတယ်။ ရွာကအပြန် မိနစ် ၃၀လောက်အကြာမှာဘဲ ရွာထဲကို လက်နက်ကြီးကျတယ်။ မနေ့က( ဖေဖော်ဝါရီ ၂၀ရက်) ညပိုင်းတုန်းကလည်း နောင်ချိုမြို့ကို စစ်တပ်က ဗုံးကြဲလို့ ထိခိုက်သေဆုံးတဲ့သူတွေလဲရှိတယ်လို့ ကြားတယ်” ဟု တောင်ခမ်းကျေးရွာနှင့် နီးကပ်သည့် အုမ္မတီးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်အစိုးရ၏ ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် TNLA တပ်တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖေဖော်ဝါရီ ၁၆ရက်နှင့် ၁၇ ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ပေ။
ထိုကဲ့သို့ ဆွေးနွေးပွဲပြုလုပ်ပြီး နှစ်ရက်အကြာ(ဖေဖော်ဝါရီ ၁၉ရက်) ၌ စစ်ကောင်စီက နောင်ချိုမြို့၊ ဘူတာရပ်ကွက် နှင့် ပြည်သူ့ဆေးရုံတို့ကို လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ သုံးဦးသေဆုံးကာ၊ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ တောင်ခမ်းတွင် အမှတ် (၉၀၂) အမြှောက်တပ်စခန်း ကွပ်ကမှုဌာနချုပ်၊ အမြှောက်တပ် ၃၅၄၊ ၂၀၆နှင့် ၄၀၆ တပ်များ တပ်စွဲထားပြီး အဆိုပါ တပ်စခန်းများကို TNLA နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။
“ ဖေဖော်ဝါရီ ၁၉ရက်က စစ်တပ် ဗုံးကြဲခဲ့တော့ လူတွေက စိုးရိမ်ပြီး အပြင်သိပ်မထွက်ကြဘူး။ ညဆို ရှောင်ကြတယ်။ နေ့ဆိုရင် ပြန်လာတယ်အဲ့ဒီလိုမျိုးပေါ့၊ ဆိုင်အချို့လည်း ပိတ်ထားကြတယ်။ ဖေဖော်ဝါရီ ခြောက်ရက်ကလည်း သပြေတောင် ဘုရားကုန်းကို စစ်တပ်က ဗုံးကြဲခဲ့လို့ တစ်ဦးဒဏ်ရာရခဲ့သေးတယ်” ဟု နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
နောင်ချိုမြို့ကို ၂၀၂၄ခုနှစ်၊ ဇူလိုင် ၁၀ရက်တွင် TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း တောင်ခမ်းရွာရှိ စစ်ကောင်စီစခန်းများကို မသိမ်းပိုက်နိုင်ခဲ့သည့်အတွက် လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းလည်းဖြစ်သည်။
“ ဒီလနဲ့ဆိုရင် ကျမတို့ စစ်ရှောင်နေရတာ ရှစ်လကျော်ပြီ၊ အိမ်လည်းပြန်လို့မရဘူး။ ကျမတို့ စိုက်ခင်းတွေလည်း အကုန်ပျက်စီးကုန်ပြီ၊ အခုအလုပ်မရှိတော့ သူများခြံမှာ နေ့စားနဲ့ ဝင်လုပ်နေရတယ် ” ဟု နောင်ချိုမြို့မှ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီကလည်း စစ်ကောင်စီသည် နောင်ချိုမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ကိုးဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။
နောင်ချိုမြို့၊ တောင်ခမ်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၄ခုနှစ်၊ ဩဂုတ်မှစတင်ကာ TNLA ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ရက်နေ့ထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။