By Nway / MPA
၂၀၂၅ ခု၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်အထိ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား ၂၆ ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က သတင်းထုတ်ပြန်သည်။
” ပြည်သူတွေက လေကြောင်းရန်ကို တော်တော်ခံလာရလို့ သိသင့်သလောက် သိပေမဲ့ ရပ်ရွာတိုင်း မှာ ဗုံးခိုကျင်းတွေမရှိနေဘူး။ ဗုံးခိုကျင်းဆောက်ရတာလည်း ဈေးရှိတော့ ကိုယ်ထူကိုယ်ထကျလည်း ပြည်သူတွေတအားပန်းနေပြီ။ အဖွဲ့အစည်းတွေက ချိတ်ဆက်ပြီး လေကြောင်း ခဏခဏလာတဲ့ ဒေသတွေမှာ ဗုံးခိုကျင်းတွေဆောက်ပေး နိုင်ရင် ကောင်းမယ် ” ဟု မြိုင်မြို့နယ်၌ လာရောက်ခိုလှုံနေ သည့် CDM ဆရာမတစ်ဦးက MPA ကိုပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ခြောက်ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းက ၁၇ ဦးဖြင့် အများဆုံးသေဆုံးခဲ့ကြောင်း AAPP ကဆိုသည်။
ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ စစ်ကိုင်းတိုင်း၌ စစ်အုပ်စုကြောင့် ပြည်သူ ၃၃ ဦး သေဆုံးခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသေးသည်။
ဖေဖော်ဝါရီ ၁၇ ရက်၊ ည ၁၀ နာရီခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယင်းရွာမှ ဦးငွေသောင်း၊ ဒေါ်ဂျမ်းစိန်နှင့် ဒေါ်ဖြူသီတို့ သုံးဦးမှာ ဗုံးစထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမည်စုံစမ်းဆဲ အမျိုးသမီးကြီးတဦးမှာ ဗုံးစထိမှန်၍ သွေးထွက်လွန်ကာ ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း လေးဦးသေဆုံးခဲ့ကြောင်း AAPP က ဆိုသည်။
ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၍ ဆယ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပေါက်ခေါင်းမြို့ခံတစ်ဦးထံက သိရသည်။
ဖေဖေါ်ဝါရီ၁၉ရက်တွင်ပင် စစ်တပ်က နောင်ချိုမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။