By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို PDFတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ Non CDM ဝန်ထမ်းသုံးဦးကို ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၉ရက်၊မွန်းလွဲ တစ်နာရီဝန်းကျင်က ရန်ကုန်ဆိပ်ကမ်းမှ အက်စစ်သယ်ဆောင်လာသည့် တွဲကား ၂၈စီး၊ စစ်ကိုင်းတပ်မ ၃၃မှ ထွက်လာသည့် တွဲကား ၁၈စီးနှင့် Jammer ကား ငါးစီးတို့ကို ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ PDFတပ်ဖွဲ့များက ကြားဖြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကားငါးစီးပျက်စီးခဲ့ကြောင်း Brave Heart Army – BHA က သတင်းထုတ်ပြန်သည်။
” မိုင်းကတော့ မဆွဲခဲ့ဘူးဗျ။ ဒီအတိုင်း လက်နက်ငယ်ချည်းပဲ သုံးခဲ့တာဗျ။ သူမြင်ကိုယ်မြင်အနေအထားတော့မဟုတ်ဘူး။ သူတို့ကလည်း လှမ်းပစ်တာပဲရှိတယ်။ ကျတော်တို့ကို ကောင်းကောင်းမမြင်ရဘူး။ ကားတန်းကို စောင့်ရှောက်လိုက်တဲ့ Jammer ကားတွေနဲ့ပဲ ပစ်ခတ်မှုဖြစ်တာဗျ” ဟု Brave Heart Army – BHAအဖွဲ့၊ သတင်းပြန်ကြာတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း၌ ကားဖြင့်ပါလာသည့် စစ်ကောင်စီ၏ ထောက်ပံ့နှင့်ပို့ဆောင်ရေးဌာနမှ ရုံစာရေးကြီးအပါအဝင် သုံးဦးကိုဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
” ကျတော်တို့ပစ်ရင်းနဲ့ တစ်စီးက ဘေးတစောင်း လှန်ပြီးတော့ သူတို့သွားမယ့်လမ်းကို ပိတ်သွားတာ။ လမ်းက လုံးဝအကျယ်မဟုတ်တော့ဘဲ ကျဉ်းသွားတာဆိုတော့ နောက်အစီးတွေပါ ပိတ်သွားတာ။ နောက်ကကားက ရပ်သွားတော့ အဲ့ရပ်တဲ့ကားပေါ်က ဝန်ထမ်းသုံးဦးကို ဖမ်းခဲ့တာဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသည့် ကားငါးစီးကို မုံရွာမြို့ပေါ်မှ ကရိန်းဖြင့်လာရောက်ဆွဲယူနေပြီး လမ်းပိုင်းပေါ်၌ တစ်စီးကျန်နေသေးကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ်နှစ်တပ်ရင်း၊ တပ်ခွဲလေး လက်ရုံးတပ် Brave Heart Army-BHA၊ Chindwin Fighter Group(CFG)နှင့် Golden Peacock Attack Force အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စာတည်း-ML