By Nway / MPA
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့ရာ မိသားစုလိုက် ဗုံးထိမှန်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံး၍ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်၊ ည ၁၀ နာရီကျော်တွင် ပေါက်ခေါင်းမြို့နယ်၊ အိုင်စောက်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ကြောင်း ပေါက်ခေါင်းမြို့ခံတစ်ဦးက MPA ကို ပြောသည်။
” မိသားစုလိုက်ထိကြတာ။ သေတဲ့အမျိုးသမီးက အသက် ၅၀ လောက်ရှိပြီ။ ဒေါ်စန်းရီတဲ့။ ဒဏ်ရာရတဲ့နှစ်ယောက်က ဒေါ်စန်းရီရဲ့ သားနဲ့ မြေးမလေး။ စစ်တပ်က ဆေးရုံပို့ခွင့်မပေးဘူးလို့ ကြားတယ် ” ဟု ၎င်းက MPA သို့ပြောသည်။
ပေါက်ခေါင်းမြို့နယ်တွင် စစ်တပ်က စက်တပ်လေထီးအသုံးပြု၍ ယခုဗုံးကြဲချခြင်းသည် ပထမဆုံးဖြစ်ကြောင်း ၎င်းကပြောသည်။
” ပြည် – ပေါက်ခေါင်းလမ်းမှာလည်း အစစ်အဆေးတအားများနေတယ်။ တစ်နေ့က တိုက်ပွဲဖြစ်သေးတယ်လေ။ မနေ့က လာပစ်တာလည်း ပြည်သူတွေကို ရှုံးမဲလာမဲတာပေါ့ ” ဟု ၎င်းကပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ပေါက်ခေါင်းမြို့ရှိ စစ်ကောင်စီဂိတ်စခန်းများအတွက် စားနပ်ရိက္ခာနှင့်ခဲယမ်းများ ပို့ဆောင်ပေးနေသော စစ်ကားနှစ်စီးကို ပြည်နှင့်ပေါင်းတလည်ကြား တောင်ဇင်းဝကွေ့အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားကိုးဦး သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF – ၃၆၀၁ တပ်ရင်း ) က သတင်းထုတ်ပြန်ထားသည်။