By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ပျူရွာတစ်ရွာကို PDF တပ်ဖွဲ့များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး သေနတ်ငါးလက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ထနောင်းကုန်းပျူရွာကို PDF တပ်ဖွဲ့များက ဝင်ရောင်စီးနင်းတိုက်ခိုက်ခဲ့ရာ ဘန်ကာတချို့ သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်၏ လေကြောင်းပစ်ကူရောက်လာသဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း Pakokku Underground Force အဖွဲ့က သတင်းထုတ်ပြန်သည်။
” ကျတော်တို့ ပျူခေါင်းဆောင်အိမ်ကို ဝင်နိုင်ပြီး KIA ထုတ် သေနတ်တစ်လက်ရခဲ့တယ်ဗျ။ ပြီးတော့ ဘန်ကာသုံးလုံး မီးရှို့နိုင်ခဲ့တယ် ” ဟု Pakokku Underground Force အဖွဲ့တာဝန်ခံက ရဲဘော်ကံကောင်းက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူလာသဖြင့် တစ်ရွာလုံးကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
” လေကြောင်းပစ်ကူက Mi-35 က စတင်ပစ်ခတ်မှုဖြစ်ပြီး ၄၅ မိနစ်ကြာတော့ ရောက်လာတယ်။ လေကြောင်းပစ်ကူကို မထိန်းနိုင်လို့ တစ်ရွာလုံးကို မသိမ်းနိုင်ခဲ့တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှု၌ ကာဘိုင်သေနတ် နှစ်လက်၊ KIA ထုတ် KA တစ်လက်၊ ပွိုင့် ၂၂ လက်လုပ်အတို နှစ်လက်၊ MG 1 လက်ပစ်ဗုံး တစ်လုံး ၊ကာဘိုင် ကျည်ဘောက် လေးခု၊ ကျည်ဆန်အချို့၊စစ်အသုံး အဆောင်နှင့် ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
” သိမ်းဆည်းရမိတဲ့အလောင်းကိုတော့ ဒီတိုင်းထားခဲ့တယ်ဗျ။ ညနေပိုင်းကျ သူတို့ဘာသာ မီးရှို့ဖို့လုပ်ကြတယ်” ဟု ၎င်းကပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) နံနက်ပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းရွာကိုရှင်းလင်းရေးလုပ်နေပြီး ဘန်ကာများပြန်ဆောက်နေကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Pakokku Underground Force နှင့် မန်းဘခိုင် (BNU)၊ ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) နှင့် မဟာမိတ်ရဲဘော်များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။