By Jar Seng / MPA
အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့ကို မဟာဗျူဟာကျကျ ထိုးစစ်ဆင်မှုများကို ယခုလ(ဖေဖော်ဝါရီလ)မှ စတင်ကာ ပိုမိုပြုလုပ်လာကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ AA အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄မြို့အပါအဝင် ချင်းပြည်နယ်၊ ပလက်၀ဒေသကိုပါ သိမ်းပိုက်ထားပြီး စစ်တွေမြို့ကို ထိုးစစ်ဆင်မှုများ ပြုလုပ်လာခြင်းလည်းဖြစ်သည်။
“လက်ရှိအချိန်မှာ AA အနေနဲ့ သူတို့ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့နယ်သုံးခုထဲက စစ်တွေမြို့ကို အရင်ဆုံးသိမ်းမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုစစ်တွေမြို့ကို AAက ဝိုင်းထားတယ်။ မြို့ပြင်ကနေ စနိုက်ပါသမားတွေလည်း အမြဲတမ်း စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်နေတာတွေရှိတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း သူတို့ (စကစ) တပ်ရင်းတွေရှိတဲ့ နေရာတွေကို တောက်လျှောက်ပစ်နေကြတယ်” ဟု ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသူ တစ်ဦးက ပြောသည်။
ထို့ပြင် AA အနေဖြင့် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိထားသည့် လက်နက်ကြီးများနှင့် ရှော့တိုက်ဒုံးများအသုံးပြုကာ စစ်တွေမြို့ရှိ စစ်ကောင်စီ တပ်ရင်းများကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၁၅ရက်က စစ်တွေမြို့နယ်၊ မြစ်နား၊ မင်းလှကျေးရွာအနီး စစ်ကောင်စီနှင့် AA တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇော်မတက်ရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မင်းလှကျေးရွာရှိ နေအိမ်အများအပြား မီးလောင်ခဲ့ရသည်။
စစ်တွေမြို့သည် တော၊ တောင်များ မရှိသဖြင့် AA တပ်ဖွဲ့များ အစုအပြုံလိုက် နေထိုင်၍ မရသဖြင့် ပြောက်ကျား စနစ်ဖြင်သာ စစ်ကောင်စီတိုက်ခိုက်ရန် ဆောင်ရွက်နေကြောင်း AA တပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ တပ်တော်က စနိုက်ပါသမားတွေ နေရာအသင့်ယူထားတာရှိတယ်။ ပြည်သူတွေ ထိခိုက်မှာစိုးလို့ အရမ်းမလှုပ်ရှားကြသေးတာထင်တယ်။ စစ်ကောင်စီကလည်း ဒေသခံပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ထားပြီး စစ်တွေမြို့ကနေ ထွက်လို့မရအောင် အမျိုးမျိုးတားဆီး ပိတ်ပင်ထားတဲ့ အနေအထားလည်းရှိတယ် ” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်တွေမြို့အား ထိုးစစ်ဆင် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး AA ဘက်က တရားဝင်ထုတ်ပြန်မှုများမရှိသော်လည်း ယမန်နှစ်(၂၀၂၄ခုနှစ်)၊ နှစ်ကုန်ခါနီးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ရေးရည်မှန်းချက် ၁၀၀ ရာခိုင်နှုန်းရရှိအောင် ကြိုးစားသွားမည်ဟု ပြောကြားထားသည်။
“ ၂၀၂၄ခုနှစ် ခြောက်လပိုင်းကနေ ၂၀၂၅ခုနှစ် ခြောက်လပိုင်းအထိ မှန်းထားတယ်။ ဒီနှစ်အတွင်း မင်းတို့ ကြိုးစားရမယ်။ ငါတို့အားလုံးမျှော်မှန်းထားတဲ့ အမြင့်ဆုံးအဆင့်ကို မရောက်ခဲ့ရင်တောင်မှ စစ်ရေးအရ ငါတို့မျှော်မှန်းထားတဲ့ ၈၀ ရာခိုင်နှုန်းအထက်၊ အဆင်ပြေရင် တစ်ရာရာခိုင်နှုန်း သွားမယ် ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။
လက်ရှိ စစ်တွေမြို့နှင့် အနီးစပ်ဆုံးတည်ရှိသည့် ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြိုန့ယ်များကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြန်လည် ပြုလုပ်လျက်ရှိကြောင်းဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
AAက စစ်တွေမြို့နယ်ကို ထိုးစစ်ဆင်နေသည့်အချိန် တစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် ပူးပေါင်းထားသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) နှင့် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များသည် ဒေသတွင်းစစ်ပွဲ၌ လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဖန်တီးမှုများ ရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်မှုများရှိသည်။
AAက စစ်တွေမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်သေးသည့် ကာလများတွင် စစ်ကောင်စီက မြို့တွင်းသို့ စစ်ရှောင်လာသည့် ပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
လက်ရှိ AA အနေဖြင့် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာ၀တီတိုင်းတို့တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။