By Hlaing / MPA
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ခုနှစ်ဦး သေဆုံး၍ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက် တစ်နာရီခွဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒေါ့ဖုန်းယန်မြို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဂျက်ဖိုက်တာအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါ့ဖုန်းယန်မြို့၊ ဝငန်ကျေးရွာရှိ ဦးမောင်ဦးနေအိမ်အတွင်းသို့ လေယာဥ်ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ ၁၀နှစ်အရွယ် ကလေး သုံးဦးအပါအဝင် မိသားစုဝင် ခုနှစ်ဦး သေဆုံးခဲ့ပြီး၊ နန်းအီကျေးရွာကိုလည်း ဗုံးနှစ်လုံး ကြဲချခဲ့၍ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။



“ သေသွားတာ မိသားစုလိုက်သေသွားတာ၊ ဂျက်ဖိုက်တာနဲ့ ကြဲတာလို့ သိရတယ်။ လေယာဥ်ဗုံးက အတော်ပြင်းတယ်။ အလောင်းတွေက မြင်ရက်စရာမရှိဘူး။ သေသွားတဲ့အထဲ ကလေးငယ်လေးတွေလည်း ပါတယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၃ နှစ်အရွယ် ဦးမောင်ဦး၊ အသက် ၅၆ နှစ်အရွယ် ဒေါ်အိုက်ဆော၊ အသက် ၂၅ နှစ်အရွယ် ဦးစိုင်းလျန်၊ အသက် ၂၂ နှစ်အရွယ် ဒေါ်ချယ်ရီထွေး၊ အသက် ၃ နှစ်အရွယ် မကလီယာ၊ အသက် ၉ နှစ်အရွယ် မောင်အောင်လင်းထက်နှင့် အသက် ၁၀ နှစ်အရွယ် မယွန်းမီမီဆာတို့သေဆုံးခဲ့ပြီး နေအိမ်အဆောက်အဦများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဗန်းမော်မြို့တစ်ဖက်ကမ်းရှိ စင်းခန်း၊ ငှက်ပျောတော၊ မြစေတီ၊ ဝငန်နှင့် နန်းအီကျေးရွာတို့ကိုလည်း စစ်ကောင်စီက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသက် ၃၀ နှစ်အရွယ် ဗန်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ အခုရက်ပိုင်းက တစ်ညကို တစ်ရွာကြဲသလို ဖြစ်နေတာ၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စင်းခန်း၊ ၁၇ ရက်က မြစေတီ၊ ၁၉ ရက်နေ့က ဝငန်နဲ့ နန်းအီကို ကြဲတာ၊ ဝငန်နဲ့ နန်းအီက ရှမ်းရွာတွေ” ဟု ၄င်းက ဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေသည့်ကာလအတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကောင်စီက KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို ဒရုန်းအသုံးပြု၍ တိုက်ခိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်တွင် KIO ဌာနချုပ်ဟောင်း တည်ရှိရာ လိုင်စင်ပိုစ့်ကိုလည်း လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီက ၄င်းတို့၏ ဗျူဟာအရအရေးပါသည့် တပ်ရင်းများ၊ စခန်းကုန်းများ သိမ်းပိုက်ခံရပါက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည် နယ်မြေများသို့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။
“ လိုင်ဇာကတော့ ငြိမ်နေပါတယ်။ မိုးမောက်ဘက်ကို ကြဲတဲ့ညတုန်းကတော့ လိုင်ဇာဘက်ကနေ ကြားရတယ်လို့ တချို့က ပြောကြတယ်” ဟု လိုင်ဇာမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်တွင်လည်း KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး၊ ၆၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။