By Nway / MPA
၂၀၂၅ ခုနှစ် တစ်လခွဲကျော်ကာလအတွင်း စစ်အုပ်စုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ အမျိုးသမီး ၁၇ ဦးအပါအဝင် ပြည်သူစုစု ပေါင်း ၃၃ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က သတင်းထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ တစ်ရက်နေ့မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ စစ်ကိုင်းတိုင်း၌ ပြည်သူ ၃၃ ဦး သေဆုံးခဲ့ခြင်းကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း AAPP က ဆိုသည်။
” ခုလထဲမှာပဲ စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ မုံရွာ စတဲ့မြို့နယ်တွေမှာ တောက်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်။ ခုနောက်ပိုင်း ပါရာမော်တာ ( စက်တပ်လေထီး ) တွေလည်း သုံးလာပြီး အရပ်သားနေထိုင်တဲ့နေရာတွေကို အကြောင်းမဲ့လာပစ်နေတာ ” ဟု ချောင်းဦးမြို့နယ်အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။
သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးခုနှစ်ဦး ပါဝင်ပြီး စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိခဲ့ကြောင်း AAPP က ဆိုသည်။
ထို့ပြင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ လေးဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးသူ သုံးဦးရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မရဲစခန်း၌ ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသား ကိုအေးလွင်သည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် ယင်းရဲစခန်းအချုပ်ထဲ၌ သေဆုံးခဲ့ပြီး ကိုအေးလွင်၏ရုပ်အလောင်းကို ၎င်း၏ မိသားစုနေထိုင်ရာ ယင်းမာပင်မြို့နယ်၊ ရွာထောင်ကျေးရွာသို့ သယ်ယူခွင့်ရခဲ့ကြောင်း AAPP က ထုတ်ပြန်သည်။
ကိုအေးလွင်သည် စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ဂ)ဖြင့် တရားစွဲဆိုခံခဲ့ရကာ ထောင်ဒဏ် သုံးနှစ် ချမှတ်ခြင်းခံထားရသူဖြစ်ပြီး ၂၀၂၅ ခု၊ မတ်လ ၂၂ ရက်တွင် လွတ်မြောက်မည့်သူဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။