By Poesangle/ MPA
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မည်ဟု သတင်းများ ပျံ့နေမှုကြောင့် ဒေသခံများသည် ညအချိန် နေရာရွှေ့ပြောင်း အိပ်နေရကြောင်း စုံစမ်းသိရှိရသည်။
တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ကူမင်မြို့တွင် စစ်ကောင်စီနှင့် TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်ကပင် စစ်ကောင်စီက နမ္မတူနှင့် ကွတ်ခိုင်မြို့အစပ်ရှိ မန်ဆာကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မန်ဆာကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကွတ်ခိုင်မြို့ကိုလည်း လာရောက်တိုက်ခိုက်နိုင်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းများပျံ့နှံ့လမှုကြောင့် ဒေသခံအချို့သည် လေကြောင်းရန် ကာကွယ်ရန်အတွက် ညရောက်သည်နှင့် ဘေးလွတ်နေရာများသို့ ပြောင်းရွှေ့အိမ်စက်သည်မှာ ယနေ့(ဖေဖော်ဝါရီ ၁၉ရက်) အထိဖြစ်ကြောင်း ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ညညဆို လုံခြုံမယ်လို့ထင်ရတဲ့နေရာကို ပြောင်းနေကြတာ၊ နေ့ဘက်ဆိုရင်တော့ ပုံမှန်အတိုင်း လူတွေအသွားအလာ လုပ်ကြတယ် ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံ ကူးမင်းမြို့တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်နှင့် ၁၇ ရက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
“ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လော်ဘီတွေတင်တာဖြစ်ဖြစ်၊ ဘယ်သူပဲတင်တင် ကျတော်တို့ အမြဲ သတိနဲ့နေသင့်တယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲက လုံး၀ငြိမ်သွားတာ မဟုတ်သေးဘူး။ နောင်ချိုဘက်မှာလည်း တိုက်ပွဲက ဆက်တိုက်ဖြစ်နေသေးတယ်။ အခြားမြို့မှာလည်း လေယာဉ် ခဏခဏ လာဝဲတယ်။ ဘယ်အချိန်လာမှာလဲဆိုတာ ကိုယ်တွေက မသိနိုင်တော့ သတိနဲ့နေတာ အကောင်းဆုံးနည်းလမ်းပဲလို့မြင်တယ် ” ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် သတင်းကြောင့် ပြည်သူများ သတိဖြင့်နေထိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကြေညာမှုများပြုလုပ်ထားကြေင်း ဒေသခံများထံမှ သိရသည်။
“ ဆွေးနွေးပွဲ နေ့မှာတောင် တိုက်ပွဲဖြစ်တယ်။ ဆွေးနွေးပွဲကနေ အဖြေတစ်ခုခုရဖို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ မပြေလည်ဘူးကြားတော့ လေကြောင်းအန္တရာယ်ကို ပိုပြီး ဂရုစိုက်နေရမယ်။ မိုးကုတ်ရောက်နေတဲ့ ကျတော့်အသိတစ်ယောက်ကလဲ သတင်းပါးလာတယ်။ သူတို့ဘက်မှာ မနေ့ည(ဖေဖော်ဝါရီ ၁၈ရက်)က လေယာဉ်လာဝဲသေးတယ်ဆိုပြီး ” ဟု နမ့်ဖက်ကာရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တွင် တရုတ်နိုင်ငံ ကူးမင်းမြို့တွင်ပြုလုပ်သည့် ဆွေးနွေးပွဲ၌ စစ်ကောင်စီနှင့် TNLA တို့ဆွေးနွေးမှုသည် အဆင်မပြေဘဲ ပြီးဆုံးကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်၌ TNLAက သတင်းထုတ်ပြန်ထားသည်။
ယခုကဲ့သို့ တရုတ်နိုင်ငံ၌ ဆွေးနွေးပွဲမပြုလုပ်မီ စစ်ကောင်စီက TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ဖေဖော်ဝါရီ ၁၀ရက်တွင် လေကြောင်းအသုံးပြုပြီး ဗုံးအလုံး ၂၀ခန့် ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ငါးဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရရှိခဲ့သည်။
စာတည်း-ကိုဆန်း