By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရာ ရသွား ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၈ရက်၊ ညနေ လေးနာရီခန့်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်ရှိ မြပုလဲစစ်ဆေးရေးဂိတ်ကို ၆၀မမ သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Snipe Ranger Force ( Local PDF) က သတင်းထုတ်ပြန်သည်။
” ၆၀ မမ သုံးလုံးစလုံး ပစ်မှတ်ကို တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပျက်စီးမူတွေကိုတော့ သေချာ စိစစ်နိုင်ခြင်းမရှိပါဘူး” ဟု Snipe Ranger Force ( Local PDF)အဖွဲ့တာဝန်ခံ ရဲဘော်ဆ လိုင်း က MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်ကလည်း လက်နက်ကြီးဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” လက်နက်ကြီး စပစ်ပြီး ဒုတိယ အလုံး ပစ်တဲ့အချိန်မှာ စကစ ဘက်ကနေ လက်နက်ကြီး တရစပ် ပြန်ပစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို Snipe Ranger Force ( Local PDF)၊ PGCနှင့် ရပ်ကျေးပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။