By Nway / MPA
၂၀၂၅ခု၊ ဖေဖော်ဝါရီ ၁ ရက်မှ ၁၈ ရက်အထိ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသား ခြောက်ဦးလည်း စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က သတင်းထုတ်ပြန်သည်။
” လေကြောင်းရန်၊ လက်နက်ကြီးရန်က ကြိုတင်မှန်းဆလို့မရဘူး။ ပစ်ပြီဆိုရင် ဘယ်လိုမျိုး ကာကွယ်ရမယ်ဆိုတာကို သက်ဆိုင်ရာအဖွဲ့တွေက ပြည်သူတွေကို အသိပညာပေးလုပ် ဆောင်တာတွေ ပိုလုပ်ဖို့လိုတယ်။ နောက်ပြီး ဗုံးခိုကျင်းတွေလည်း တူးဖို့လိုအပ်ပါတယ် ” ဟု မြိုင်မြို့နယ်ရှိ ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။
သေဆုံးသူများအနက် အသက် ၁၈ နှစ်အောက် ကလေးငယ် နှစ်ဦးလည်း ပါဝင်ပြီး ရှမ်းပြည်နယ်အ တွင်း လေးဦးသေဆုံးကာ အများဆုံးဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်၊ ညနေငါးနာရီခန့်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲကျေးရွာကို စစ်အုပ်စုနှင့် ၎င်း၏လက်အောက်ခံပြည်သူ့စစ် PNO တို့က ဖယ်ခုံမြို့ အနောက်ဘက်ကမ်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲသဖြင့် နှစ်ဦး ကျည်စထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း AAPP က ဆိုသည်။
ဖေဖော်ဝါရီ ၁၂ရက်၊ ၁၃ရက်နှင့် ၁၄ ရက်တို့တွင်လည်း စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ မုံရွာ၊ ချောင်းဦးနှင့် ကလေးမြို့နယ်တို့၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။
ဖေဖော်ဝါရီ ၁၃ရက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနှင့် ကော်ကပ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိကာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။