By Ra Wai / MPA
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၇ရက်၊ ညနေ ငါးနာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အရှေ့ကမ်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်နှင့် Mi-35 ဖြင့် နှစ်ကြိမ် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းက သတင်းထုတ်ပြန်သည်။
” ကျတော်တို့လည်း အဲဒီရွာမှာရှိမနေတော့ ဘယ်နှစ်လုံးကြဲလဲအတိအကျမသိဘူး။ ရွာသားတွေမေး လည်း ခွေးပြေးဝက်ပြေးပြေးနေရတော့ သူတို့လည်းသတိကိုမထားနိုင်ဘူးပြောတယ်။ ဗုံးမကြဲခင် ပစ်ခတ်မှုနည်းနည်းဖြစ်တယ်လို့ကြားတယ်” ဟု မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းမှ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ဗုံးကြဲမှုကြောင့် နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီးပြီး ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အထိ မီးကြွင်းမီးကျန်များ ကျန်ရှိနေသေးကြောင်း သိရသည်။
” အတိအကျတော့အတည်မပြုရသေးဘူး။ ညကအထိတော့ ၃၀ ကျော်တယ်။အခုထိတော့ မီးစမီးကြွင်းလောက်တော့ကျန်သေးတယ်။ ငြိမ်းတော့ငြိမ်းပါပြီ” ဟု ၎င်းကဆက်လက်ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်မှုမရှိသော်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်းသိရသည်။