By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၌ စစ်ကောင်စီယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ရက်၊ နံနက်ပိုင်းတွင် မြိုင်မြို့ပေါ်မှ ပခုက္ကူမြို့သို့ ပြန်လာသည့် အင်အား ၁၈၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းနှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ မြိုင်မြို့အရှေ့ဘက် ငှက်ပျောတောရွာ၌ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
” စစ်သားနှစ်ယောက်သေဆုံးပြီး သုံးဦးဒဏ်ရာရရှိတယ်။ နောက်ပြီး စစ်ကြောင်းမှာက ကန်နီနဲ့ သရက်ကွပျူရွာက ပျူမိသားစုတွေလည်း ပါလာတယ်။ ပခုက္ကူကို လိုက်သွားပြီး အဲကနေ လွတ်ရာကျွတ်ရာ ပြေးကြတာပေါ့ ” ဟု မြိုင်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။
ထို့ပြင် မြိုင်မြို့ အရှေ့တောင်ဘက်ရှိ ကံကြီးရိုးရွာနဲ့ ရုံးပင်ကန်ရွာတို့တွင် မိုင်းထိထားသော စစ်ကားနှစ်စီးကို မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။
” ကာကွယ်ရေးတွေရော ပြည်သူတွေရော ကားကို သုံးမရအောင် မီးရှို့ထားတာဗျ။ ပြီးတော့ သေဆုံးတဲ့စစ်သားနှစ်ဦးကို ကံကြီးရိုးရွာထဲမှာ မြေမြှုပ်ထားခဲ့တယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ထန်းဘူးတောရွာမှ ပြည်သူခြောက်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး အမျိုးသမီးနှစ်ဦးမှာ မိုင်းနင်းမိ၍ သေဆုံးခဲ့ရာ အလောင်းများအား ကံကြီးရိုးရွာ၌ မီးရှို့ထားခဲ့ကြောင်း သိရသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။