By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၌ စစ်ကောင်စီရိက္ခာပို့စစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည့် အမျိုးသမီး နှစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ရက်၊ နံနက်ပိုင်းတွင် မြိုင်မြို့ပေါ်မှ ပခုက္ကူမြို့သို့ ပြန်လာသည့် အင်အား ၁၈၀ခန့်ပါ ရိက္ခာပို့စစ်ကြောင်းသည် မြိုင်မြို့နယ်၊ ထန်းဘူးတောကျေးရွာမှ ပြည်သူခြောက်ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားရာ အမျိုးသမီး နောက်ထပ်နှစ်ဦးလည်း မိုင်းနင်းမိပြီး ဒဏ်ရာရကြောင်း မြိုင်မြို့နယ် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ကာကွယ်ရေးအဖွဲ့တွေကတော့ ပြည်သူတွေကို ရှောင်ခိုင်းပါတယ်။ ရှောင်တဲ့သူလည်း ရှောင်ကြပါတယ်။ ဒီလိုပဲ လွတ်မယ်ထင်တဲ့နေရာမှာ ရှောင်ရင်း စစ်ကြောင်းနဲ့မိတာဗျ ” ဟု ၎င်းက MPA ကိုပြောသည်။
ဖမ်းခံရသည့် ပြည်သူခြောက်ဦးမှာ အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ပြီး မြိုင်မြို့အရှေ့တောင်ဘက်တစ်နေရာ၌ မိုင်းနင်းမိခြင်းဖြစ်ကာ သေဆုံးနှင့်ဒဏ်ရာရအမျိုးသမီးများကို ထားခဲ့ကြောင်း သိရသည်။
” ဒဏ်ရာရတဲ့သူတွေကို ထားခဲ့ပြီး ကျန်တဲ့ အမျိုးသားနှစ်ယောက်ကတော့ စစ်ကြောင်းနဲ့ပါသွားတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့ ( ဖေဖော်ဝါရီ ၁၇ရက် ) နံနက် ၁၁နာရီခန့်တွင် မြိုင် – ပခုက္ကူကားလမ်းဘေးရှိ စီလောင်ရွာသို့ ရောက်ရှိနေကြောင်း သိရသည်။