By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို လက်နက်ကြီးအလုံး၅၀ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၅ရက်၊ ည ၁၁နာရီခွဲဝန်းကျင်တွင် ရေဦးမြို့ပေါ်ရှိ စစ်တပ်အထိုင်ချထားသည့် ကြာဖူးဝိုင်းဂိတ်၊ တိုင်းရင်းဆေးရုံ၊ ရဲစခန်း၊ ရွှေကျီးမင်းဂိတ်နှင့် မြောက်ဘက်ဂိတ်တို့ကို လက်နက်ကြီး ၅၃လုံးနှင့် လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
” တိုင်းရင်းဆေးရုံ၊ ရဲစခန်းကကျ မြို့လယ်ခေါင်မှာဆိုတော့ လက်နက်ငယ်နဲ့ ပစ်မရဘူး။ ကျန်တာတွေက ပစ်ခဲ့တယ်။ ကျတော်တို့နဲ့ မိနစ်၄၀ လောက်ကို အပြန်အလှန်တိုက်ပွဲဖြစ်သေးတယ်” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် မြောက်ဘက်ဂိတ်မှ ပျူစောထီးသုံးဦးမှာ လက်နက်ကြီးထိမှန်ပြီး အခြေအနေစိုးရိမ်ရကြောင်း သိရသည်။
“ သုံးယောက်ကတော့ သေချာပေါက်ထိတယ်။ လက်နက်ကြီးထိပြီး ငါးကြင်းမြီးကျည်ထိတာဆိုတော့ အခြေနေသိပ်မကောင်းဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
တိုက်ခိုက်မှုပြီးနောက် မြို့တွင်းအခြေအနေကို မသိရှိရသေးကြောင်းနှင့် PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML